Homeမြန်မာသတင်း
ရန်ကင်းငွေလဲကောင်တာတခုတွင် ဒေါ်လာငွေအတုဖြင့် လိမ်လည်သွားသည့် နိုင်ငံခြားသား ၂ ဦးကို အမှုဖွင့်စုံစမ်း
ရန်ကင်းငွေလဲကောင်တာတခုတွင် ဒေါ်လာငွေအတုဖြင့် လိမ်လည်သွားသည့် နိုင်ငံခြားသား ၂ ဦးကို အမှုဖွင့်စုံစမ်း
DVB
·
December 20, 2019
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ငွေလဲကောင်တာတခုမှာ ဒေါ်လာငွေအတုနဲ့ လိမ်လည်သွားတဲ့ နိုင်ငံခြားသား ၂ ယောက်ကို အမှုဖွင့်စုံစမ်းနေတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က ရန်ကင်းမြို့နယ်၊ ၃ ရပ်ကွက်၊ တိုက် အမှတ် ၂၁၇ အခန်း ၅ ရှိ Ballion Coin Money Changer မှာ နိုင်ငံခြားသား ၂ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး အမေရိကန် ဒေါ်လာ ၁ သိန်းအား မြန်မာငွေနဲ့ ဝယ်ယူလဲလှယ်လိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
စာရင်းကိုင်ဖြစ်သူက အမေရိကန်ဒေါ်လာ ၁ သိန်းအား ရေတွက်ပြီး နိုင်ငံခြားသား ၂ ယောက်အား ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ နိုင်ငံခြားသား ၂ ယောက်က ငွေအား လက်ကိုင်အိတ် ၁ လုံးအတွင်းထည့်ပြီးပြန်ထုတ်ကာ အခြားလက်ကိုင်အိတ် ၁ လုံးအတွင်း ပြောင်းထည့်ပြီး စရန်ငွေအဖြစ် မြန်မာကျပ်ငွေ ၅ သိန်းအား မနှင်းသန္တာထွေးထံ ပေးအပ်ခဲ့ပါတယ်။
ဒီနောက် ကျန်ငွေတွေကို ကားထဲမှာ သွားရောက်ယူဆောင်မယ် ပြောဆိုပြီး ဒေါ်လာတွေ ထည့်ထားတဲ့ လက်ကိုင်အိတ် ၁ လုံး အားထားခဲ့ကာ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။
နိုင်ငံခြားသား ၂ ဦး ထားခဲ့တဲ့ လက်ကိုင်အိတ်အား ဖွင့်ကြည့်ရာ ဒေါ်လာ ၁ သိန်းမှာ အတုတွေဖြစ်နေကြောင်း တွေ့ရှိခဲ့လို့ နိုင်ငံခြားသား ၂ ဦး (ဖမ်းမမိ) အား ရန်ကင်းမြို့မရဲစခန်း (ပ)၉၇၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၉(ခ) (လိမ်လည်မှု/ငွေစက္ကူအတုသုံးစွဲမှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။