ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးက ဝန်ဆောင်မှုပေးမည့်နေ့ရက်အချိန်များ ကြေညာ
နန်းမြနဒီ
·
December 20, 2019
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဝန်ဆောင်မှုပေးတဲ့ နေ့ရက်နဲ့အချိန်တွေကို ဒီဇင်ဘာလ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါကြေညာချက်အရ သာမာန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတာကို နေ့စဉ်ရုံးချိန်အတွင်း လက်ခံပြီး ၃ ရက်နဲ့အပြီး ဆောင်ရွက်ပေးကာ ထောက်ခံစာအမျိုးမျိုးကိုတော့ နေ့ချင်းပြီးဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ် ။
အဲဒီလို ဆောင်ရွက်ရာမှာ လျှောက်လွှာတင်တာကို မနက် ၉ နာရီကနေ ၁၂ နာရီထိ လက်ခံပြီး ညနေ ၃ နာရီခွဲကနေ ၄ နာရီခွဲထိ အချိန်တွင်းမှာ တင်ထားတဲ့နိုင်ငံကူး လက်မှတ်နဲ့ ထောက်ခံစာတွေ ပြန်ထုတ်ပေးတယ်လို့ ဆိုပါတယ်။
ဒါဟာ ကောင်စစ်ဝန်ရုံးရဲ့ သမားရိုးကျနေ့စဉ်လုပ်ငန်းဖြစ်ပေမယ့် လာရောက်ဆက်သွယ်သူ ပြည်သူအချို့က နားမလည်သေးဘဲ ညနေမှရောက်လာပြီး ချက်ချင်းလုပ်မပေးရင် ပြဿနာလုပ်တဲ့အတွက် ခုလိုထုတ်ပြန်ရတာလို့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံအရာရှိ ဒေါ်မေဇင်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။
“ပုံမှန်အလုပ်တော့ ဟုတ်ပါတယ်ရှင့်။ ဒါပေမယ့် ထောက်ခံစာတွေက အရမ်းများတော့ နေ့ချင်းပြီးလည်း လုပ်ပေးတာဆိုတော့ မနက်ပိုင်းကိုလက်ခံပြီး ညနေပိုင်းကို ထုတ်ပေးတာပါရှင့်၊ ကြားထဲမှာ စာရိုက်ချိန်ရအောင်လို့လေ။ တခြားပတ်စပို့လျှောက်တာတွေ သက်တမ်းတိုးတာတွေ တနေ့လုံးလာလို့ရပါတယ်။ တချို့က ထောက်ခံစာကို နေ့ချင်းပြီးထုတ်ပေးတယ်ဆိုတာကိုပဲ နားလည်ပြီး ညနေစောင်းမှ ရောက်လာတော့ မပြီးတဲ့ခါပြဿနာရှာရော၊ အကြံပေးစာပုံးထဲမှာ အချိန်တိတိကျကျလုပ်ပါ အဲလိုမျိုးတွေ ရေးထဲ့ထားတယ်။ ဒါကြောင့်ထပ်ပြီး အလုပ်ချိန်ထု တ်ပြန်ရတာပါ။”
ကောင်စစ်ဝန်ရုံးကို လာရောက်ဆက်သွယ်သူတွေမှာ ပျှမ်းမျှအားဖြင့် တနေ့ကို အယောက် ၂၀၀ ကျော်ရှိပြီး အများစုမှာ စီအိုင်အစိမ်းရောင်စာအုပ်ကနေ ပတ်စပို့စာအုပ် အနီပြောင်းဖို့ စာအုပ်ကိုင်ဆောင်သူ ၁ ဦးတည်းဖြစ်ကြောင်း ထောက်ခံစာလာယူတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်းရောက် မြန်မာလုပ်သားအများစုမှာ တိုင်းရင်းသားတွေဖြစ်ပြီး မြန်မာစာမတတ်/မြန်မာစကားမတတ်လို့ ထိုင်းဘာသာနဲ့ ပြန်ဆက်သွယ်ရတယ်လို့ ဆိုပါတယ်။
ကောင်စစ်ဝန်ရုံး ဝန်ဆောင်မှုရယူလိုသူတွေအနေနဲ့ ရုံးချိန်အတိုင်း အတိကျလိုက်နာပေးဖို့၊ မွန်းလွဲနောက်ပိုင်းမှရောက်လာရင်တော့ လက်ခံဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း၊ ဒါပေမယ့် သေရေးရှင်ရေးကိစ္စ၊ ကျန်းမာရေး အရေးပေါ်ကိစ္စမျိုးမှာတော့ ခြွင်းချက်အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ကောင်စစ်ဝန်ရုံးက ပြောပါတယ်။
မြန်မာကောင်စစ်ဝန်ရုံးချုပ်ကို ချင်းမိုင်မြို့တွင်း ချန့်ဖိုတ်ရပ်ကွက် မနီးနုပ်ဖလတ်လမ်း လမ်းသွယ် ၃ အိမ်အမှတ် ၉/၄ မှာ ဖွင့်လှစ်ထားပြီး ဆက်သွယ်မေးမြန်းရန်ဖုန်းနံပတ်မှာ ၀၅၂ ၀၀၄ ၂၁၁ လိုင်းခွဲ ၁၆ ဖြစ်ပါတယ်။