Homeမြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး ဗီယက်နမ်သွားရောက်၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဗိုလ်ချုပ်မှူးကြီး ဗီယက်နမ်သွားရောက်၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
December 20, 2019
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဟာ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ငိုစွမ်လီချီနဲ့ မနေ့က တွေဆုံ ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-ဗီယက်နမ် ၂၀၂၀ မှ ၂၀၂၂ ခုနှစ်အထိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအစီအမံကို အမြန်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာကိစ္စတွေ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်အောင်ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ဗီယက်နမ် အမျိုးသားလွှတ်တော်ကိုသွား ရောက်ခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ငုရင်သီကမ်ငန်နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။
တွေ့ဆုံရာမှာ ဘင်္ဂါလီများကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဗီယက်နမ်နိုင်ငံအနေနဲ့ ထောက်ခံကြောင်းနဲ့ နိုင်ငံတိုင်းဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်မှုအပေါ် ဗီယက်နမ်နိုင်ငံအနေနဲ့ လက်မခံကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဟာ မနေ့မွန်းလွဲပိုင်းက Viettel ကုမ္ပဏီအုပ်စုရုံးချုပ်ကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
ဗီယက်နမ် ကာကွယ်ရေးဌာနပိုင် Viettel ကုမ္ပဏီဟာ မြန်မာ့တပ်မတော်နဲ့ အကျိုးတူပူးပေါင်းပြီး Mytel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကို မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။