ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်း ကသာမြို့တွင် ဖွင့်လှစ်
Aung Ko Latt
·
December 20, 2019
ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့၊ ဧရာရွှေလီခန်းမမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဒီသင်တန်းကို လူကယ်ပြန်ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။
ဒီဖွင့်ပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ညွှန်ကြားရေးမှုးချုပ်နဲ့ ဌာနဆိုင်ရာတွေ၊ မူးယစ်ဆေးဖြတ်သင်တန်းသာတွေ တက်ရောက်ခဲ့ကြပါတယ်။
ရက်ပေါင်း ၄၀ ကြာတဲ့ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေကို ၂၀၁၈ ခုနှစ်အတွင်း ဟုမ္မလင်းမြို့မှာ ၃ ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ဝန်းသိုမြို့နယ်မှာ တကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ကသာမြို့မှာဖွင့်လှစ်တဲ့ မူးယစ်ဆေးဖြတ်သင်တန်းမှာတော့ သင်တန်းသာ ၄၉ ဦးပါဝင်ပါတယ်။
"တက်ရောက်တဲ့ပုဂ္ဂိုလ်များ တကယ်ကို စိတ်ပြတ်အောင် ကြိုးစားပြီးမှ ဆောင်ရွက်ကြပါ။ ဒါဆိုရင် သင်တန်းဖွင့်ရတာလည်း တန်မယ်၊ ဒေသလုပ်အားတွေလည်း ပိုမိုလာမယ်၊ မိသားစုဘဝတွေလည်း ပျော်ရွှင်ချမ်းမြေ့လာမယ် စသဖြင့် အဲလို အကျိုးရလဒ်ကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကြိုးစားပြီး တက်ပေးကြပါ။ ဒီသင်တန်းရဲ့ ရလဒ်ကိုကြည့်ပြီးမှ မူးယစ်ဆေးပေါများတဲ့ ဗန်းမောက်၊ ပင်လည်ဘူးတို့မှာလည်း ဖွင့်နိုင်အောင် လုပ်ဆောင်သွားမယ်" လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောဆိုခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွေအပြင် စခန်းအခြေပြု မူးယစ်ဆေးဖြတ်စခန်းတခုကို ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့မှာလည်း ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်။
ကျောက်မြောင်းမြို့ကို ရွေးရတာက မြေနေရာရရှိမှုနဲ့ မူးယစ်ဆေးဝါးအလွယ်တကူ မရနိုင်တဲ့ နိုင်ရာတွေ၊ ပြင်ပနဲ့ လွယ်လင့်တကူ ဆက်သွယ်လို့ မရနိုင်တဲ့နေရာ စသဖြင့် ရွေးချယ်ရတာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောဆိုထားပါတယ်။
မူးယစ်ဆေးဖြတ်သင်တန်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနဲ့ ဆေးစိမ်ခြင်ထောင်တွေ၊ လူငယ်ရေးရာကော်မတီကိုလည်း အားကစားပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။