ကမ်းထောင်းကြီးမြို့တွင် အမျိုးသမီး ၁ ဦး သေနတ်ကျည်ဆန်ထိမှန် သေဆုံး
DVB
·
December 19, 2019
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှာ မနေ့ညနေက တပ်မတော်က ပစ်ခတ်ခဲ့တဲ့စက်သေနတ်ကျည်ဆန်တွေ မြို့တွင်းကိုကျရောက်ခဲ့ပြီး နေအိမ်ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးတဦး ခေါင်းကိုကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ ကမ်းထောင်းကြီးမြို့ စေတနာရှင်များနာရေးကူညီမှုအသင်းက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ဒေါ်ခင်မာရီဖြစ်ပြီး တပ်မတော်က မြို့ထဲကိုစက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘယ်သူမှအိမ်ပြင်ကိုမထွက်ရဲပဲနေအိမ်ထဲ ပုန်းအောင်နေကြရပြီး သေနတ်သံတိတ်ချိန်မှာ သွားရောက်ကြည့်ရှုစဉ် သေဆုံးနေတာကို တွေ့ရတာလို့ စေတနာရှင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုရန်နိုင်စိုးက ပြောပါတယ်။
“ဖြစ်တာတော့ ညနေ(၅)နာရီခွဲလောက်မှဖြစ်တာ၊ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်နေတဲ့ အတွက်ကြောင့် ဒီအိမ်နီးနားတွေကလူတွေလည်း ဘယ်သူမှမထွက်ရဲဘူး၊ အကုန်လုံးပုန်းနေရတယ်၊ သူတို့က ခြောက်နာရီလောက်ထိပစ်တယ်၊ အဲဒီဘက်ကအသံတွေစဲသွားမှ ကျနော်တို့ ဒီအနီးအနားကလူတွေက သွားပြီး တော့ကြည့်တဲ့အချိန်မှာ အသက်မရှိတော့ဘူး”
ပစ်ခတ်မှုကြောင့် ကမ်းထောင်းကြီးမြို့ရှိ နေအိမ်တချို့နဲ့လမ်းတွေမှာ သေနတ်ကျည်ဆန်တွေ ထိမှန်ခဲ့ပြီး အဆိုပါအမျိုးသမီးကတော့ ဘယ်ဖက်နောက်စေ့ကို ကျည်ထိမှန်ပြီးတော့ သေဆုံးသွားတာလို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
နောင်နောင်