ပင်လုံကျောက်တိုင်တွင် မူလကမ္ပည်းမော်ကွန်းစာအတိုင်း ပြန်လည်ရေးထိုးမည်
DVB
·
December 19, 2019
ပင်လုံကျောက်တိုင်ပေါ် ရေးထိုးထားတဲ့ ကမ္ပည်းမော်ကွန်းစာ ‘ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင်’ ကို အရင်မူလကရေးထိုးထားတဲ့အတိုင်း ‘တောင်တန်းပြည်မ သဘောတူရေးစာချုပ်ကျောက်တိုင်’အဖြစ် လာမယ့် ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့အမီ ပြောင်းလဲပြင်ဆင်ဖို့ ရှမ်းပြည်နယ်အစိုးရက စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့ရက်က ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းခဲ့တဲ့ မေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အမီ ပြောင်းလဲပြုပြင်ထွင်းထုသွားမယ်လို့ ဖြေကြားခဲ့တာပါ။
ဒါ့အပြင် ကျောက်တိုင်အနီး ထောင်ထားတဲ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေရဲ့ ပုံတူပန်းချီကားတွေဟာလည်း ဟောင်းနွမ်းနေပြီဖြစ်လို့ ပြန်လည်ပြုပြင်သွားမယ်လို့ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လပ်ရေးရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ နေရာမှာ ပင်လုံအထိမ်းအမှတ် ကျောက်တိုင် စိုက်ထူးထား တာပါ။
ပင်လုံကျောက်တိုင်မှာ အရင်က တောင်တန်းပြည်မလို့သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်မတောင်တန်းအဖြစ် ပြုပြင်ခဲ့ပြီး ခုအခါ တောင်တန်းပြည်မလို့ မူလအတိုင်းပြန်လည် ပြုပြင်မှာ ဖြစ်ပါတယ်။
ခွန်ရာဇာ