Live
Home
မြန်မာသတင်း
ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူး အေအေတပ်ဖွဲ့ဝင်ဟု တပ်မတော်ထုတ်ပြန်
DVB
·
December 19, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း  သေဆုံးခဲ့တဲ့ ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ဟာ အေအေတပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း တပ်မတော်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စိတ္တရကျေးရွာမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် နဲ့ ဦးဉာဏ်သိန်းတို့ရဲ့ အလောင်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးရာ ဦးကျော်အေးမောင် ဝတ်ဆင်ထားတဲ့ အနွေးအင်္ကျီအိတ်ကပ်အတွင်းမှ AA အဖွဲ့ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနား ၁ ခုမှာ အေအေခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ ရှေ့ဆောင်ဓားကိုင်အဖြစ် ဦးကျော်အေးမောင်ပါဝင်တဲ့ မှတ်တမ်းဓာတ်ပုံကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းပြားမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မောင်မောင်သန်း အပါအဝင် မသင်္ကာဖွယ်အမျိုးသား ၇ ဦးကလည်း သေဆုံးသူ ဦးကျော်အေးမောင်ဟာ အေအေအဖွဲ့ဝင်တ ဦးဖြစ်ကြောင်း အတည်ပြုထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။  မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော် စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းကတော့ နှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ဒီဗွီဘီကို ပြောကြားထားပါတယ်။ ဒါ့အပြင် တပ်မတော်စစ်ကြောင်း စိတ္တရာကျေးရွာက ကျေးရွာသား ၈ ယောက်ကို ခေါ်ဆောင် သွားခဲ့ပြီး အဲ့ဒီထဲမှာ ကျည်ထိဒဏ်ရာရရှိထားတဲ့ ကျောက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်လည်း ပါသွားပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့က မင်းပြားမြို့နယ်၊ မင်းပုန်းတောင်း တောင်ခြေရင်းမှာ သေဆုံးလျက်  ပြန်လည်တွေ့ရှိခဲ့တာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံအမျိုးသမီးတဦးတို့ အသတ်ခံရမှုနဲ့ပတ်သက်လို့ ကျူးလွန်သူများအား ထိရောက်စွာအရေး ယူပေးဖို့ မိသားစုဝင်တွေက ဒီဇင်ဘာ ၁၂ ရက်န့က မင်းပြားမြို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသလို မိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင် အပင်ရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲမှူးချုပ်နယ်တော်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ တိုင်ကြားထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စိတ္တရကျေးရွာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ရာမှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက အရောက်မှာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်ကနေ အေအေက လက်နက်ငယ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။  ဖြစ်စဉ်မှာ တပ်မတော်မှအရာရှိတဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီ တပ်မတော် စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနဲ့ ကျောက်မော်ကျေးရွာက ဦးကျော်အေးမောင်တို့နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024