Homeမြန်မာသတင်း
ကျောက်ဖြူရှိ တရုတ်ပိုင်ကျောက်မီးသွေးသုံးငါးအမှုန့်ကြိတ်စက်ရုံ အပြီးပိတ်သိမ်းရန်တောင်းဆို
ကျောက်ဖြူရှိ တရုတ်ပိုင်ကျောက်မီးသွေးသုံးငါးအမှုန့်ကြိတ်စက်ရုံ အပြီးပိတ်သိမ်းရန်တောင်းဆို
DVB
·
December 19, 2019
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ ဒေသခံ ၄၀၀ ကျော်က လက်မှတ်ထိုး တိုင်ကြားလာတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု၊ ကင်းပင်လယ်နားကျေးရွာမှာ ခွင့်ပြုချက်မဲ့ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံက ထွက်ရှိလာတဲ့ အနံ့ဆိုး တွေကြောင့် လူသေဆုံးမှုရှိတယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းပေးဖို့ ရွာသားတွေက တောင်းဆိုတာပါ။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ စက်ရုံဟာ ဒေသရဲ့ အန္တရာယ်တွေရှိတဲ့အတွက် ၆ လအရွယ်ကလေးငယ်တဦး သေဆုံးတယ်။ နောက်ပြီး အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျတယ်ဆိုပြီးရင် သူတို့တိုင်စာထဲမှာ ပါရှိပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒီစက်ရုံကို ပိတ်သိမ်းပေးဖို့ အဲဒီကျေးရွာသားတွေက တိုင်ကြားထားတာတွေ ရှိပါတယ်၊ အခုလ ၁၇ ရက်နေ့မှာ ကျေးရွာသား ၄၀၁ ဦး လက်မှတ်ထိုးပြီး တိုင်ကြားထားတာတွေ့ရှိရပါတယ်” လို့ပြောပါတယ်။
အဆိုပါစက်ရုံကို ပြည်နယ်အစိုးရရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ပိတ်သိမ်းဖို့ကို ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ညွှန်ကြားထားတဲ့အတွက် စက်ရုံတာဝန်ရှိသူကို ခေါ်ယူသတိပေးပြောဆိုထားပြီးဖြစ်ပါတယ်။
ဒါပေမယ့်ခုချိန်အထိ လိုက်နာမှုမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြတဲ့အတွက် သက်ဆိုင်ရာဌာနအနေနဲ့ ဥပဒေအရထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။
“ရပ်တန့်ပေးဖို့အတွက် စာထုတ်တယ်ဆိုတော့ ထုတ်ပြန်ပြီးရင် လိုက်နာမှုမရှိဆိုလို့ရှိရင် ဥပဒေနည်းဥပဒေနဲ့အညီ တရားစွဲဆိုရမှာဖြစ်တယ်။ အဲဒီလိုတရားစွဲဆိုမှုရှိမှ သူတို့ ဥပဒေကိုလိုက်နာမှာဖြစ်တယ်။ အဲဒီလိုမရှိသမျှ ကာလပတ်လုံးကတော့ လိုက်နာမှု မရှိဘူးလို့ထင်မြင်မိပါတယ်”
အဆိုပါစက်ရုံဟာ လွန်ခဲ့တဲ့စက်တင်ဘာလက စတင်လည်ပတ်ခဲ့ပြီး တလအကြာမှာ အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စက်ရုံကထွက်ရှိတဲ့ ဆိုးဝါးလှတဲ့ အနံ့အသက်တွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေရှိလာခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
အဆိုပါစက်ရုံကို ပိတ်သိမ်းဖို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားဝင်အကြောင်းကြားထားတာကြောင့် စက်ရုံလည်ပတ်မှုမရှိတော့ပေမယ့် ဒီဇင်ဘာ လဆန်းပိုင်းက သင်္ဘောနဲ့ကျောက်မီးသွေးတွေ ထပ်မံပို့ဆောင်တာတွေ၊ စက်ရုံအတွင်း ကျောက်မီးသွေး သိုလှောင်ရုံတည်ဆောက်နေတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နောင်နောင်