ပြင်ဦးလွင်မြို့၌ ဆေးလိပ်မီးခိုးငွေ့ကင်းစင်နေရာများ သတ်မှတ်လုပ်ဆောင်နေ
DVB
·
December 19, 2019
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်း ဆေးလိပ်သောက်သုံးမှုလျော့နည်းရေးအတွက် ဆေးလိပ်မီးခိုးငွေ့ကင်းစင်တဲ့ အများပြည်သူ သွားလာလည်ပတ်စရာနေရာတွေ လုပ်ဆောင်နေတယ်လို့ ပြင်ဦးလွင်ခရိုင်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ပြင်ဦးလွင်မြို့က ပြည်တွင်းပြည်ပက ခရီးသွားတွေအလာများတဲ့ ဒီဇင်ဘာခြံမှာ ဆေးလိပ်မီးခိုးငွေ့ကင်းစင်တဲ့ ဥယျာဉ်အနေနဲ့ ဒီကနေ့ စတင် ဆောင်ရွက်တာ ဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက “ အဓိက အားဖြင့်တော့ ပြင်ဦးလွင်မြို့က ပြည်တွင်းရော ပြည်ပရောပေါ့နော် ခရီးသွားဧည့်သည်တွေ များတယ်၊ များတဲ့ခါကျတော့ ဒီကိုလာကြရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိတဲ့နေရာလေးတွေ သတ်မှတ်ပေးဖို့ကိုပေါ့နော်၊ အဲဒါဆိုရင် ဥယျာဉ်ခြံတွေ အနေနဲ့လည်း ဂုဏ်သိက္ခာအရလည်းရှိတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုပြုစုပျိုးထောင်ပြီးသားဖြစ်အောင်လို့ ရည်ရွယ်ပြီးတော့ ပြင်ဦးလွင်မြို့မှာတော့ ဆေးလိပ်မီးခိုးငွေ့ကင်းစင်ရေးကို တဆင့်ပြီးတဆင့် ဆောင်ရွက်တဲ့ အနေအထားဖြစ်ပါတယ်"လို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ အများပြည်သူသွားလာလည်ပတ်နိုင်တဲ့ ဥယျာဉ်တွေတင် မကပဲ ဌာနဆိုင်ရာရုံးတွေ၊ ကျောင်းတွေ၊ ဘူတာရုံ၊ ဈေးနဲ့ ကားဂိတ်တွေမှာလည်း ဆေးလိပ်မသောက်ကြဖို့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးပါ ဥပဒေအတိုင်း တားမြစ်ဆောင်ရွက်တာတွေကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကနေ စတင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
"ဆေးလိပ်မီးခိုးငွေ့ကင်းတဲ့ ဥယျာဉ်တွေ လုပ်ခြင်းအားဖြင့် အများပြည်သူတွေ ကြားထဲမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ပိုမိုသိရှိပြီးတော့ ဒီဟာနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်တယ်။ အခုနောက်ပိုင်း ကူးစက်နိုင်တဲ့ ရောဂါထက်စာရင် မကူးစက်နိုင်တဲ့ရောဂါပေါ့နော်၊ သွေးတိုးတို့၊ နှလုံးတို့၊ ဆီးချိုတို့၊ ကင်ဆာရောဂါပေါ့၊ ဒါတွေက အခုနောက်ပိုင်းမှာ အရမ်းအဖြစ်များတယ်။ အဲ့တော့ ဒီရဲ့ အဓိက လက်သည်တရားခံသည် ဆေးလိပ်က အဓိက အရေးကြီးတဲ့ အကြောင်းတစ်ခုအနေနဲ့ပါတာ ပေါ့နော်"လို့ ဒေါက်တာ သန်းဝင်းက ဆက်လက် ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ပြင်ဦးလွင်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ဆေးလိပ်မီးခိုးငွေ့ ကင်းစင်တဲ့ ဥယျာဉ်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်လာရောက် သတ်မှတ် ပေးခဲ့ပါတယ်။
အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ဆေးလိပ်မီးခိုးငွေ့ကင်းစင်တဲ့ နေရာအဖြစ် စတင်ဆောင်ရွက်စဉ်ကလည်း လူထုကို အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပြီး အများစုက လိုက်နာတဲ့အတွက်လုပ်ဆောင်မှု အောင်မြင်ခဲ့တယ်လို့ လည်းသိရပါတယ်။
ပြင်ဦးလွင်က ဒီဇင်ဘာဥယျာဉ်ခြံကိုလည်း ဆေးလိပ်ငွေ့ကင်းစင်စေမယ့် ဒုတိယမြောက် နေရာအဖြစ် တိုးချဲ့ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာဥယျာဉ်ရဲ့ မန်နေဂျာ ဦးစန်းတင့်က
"ဒီခြံကြီးကလည်း သဘာဝကိုအခြေခံထားတာပေါ့လေ။ သဘာဝကို အခြေခံထားတော့ လေကောင်းလေသန့်ရမယ်။ စိတ်ပျော်ရွှင်အောင်ထားတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ အဲဒီတော့ ဆေးလိပ်ကင်းစင် နယ်မြေသတ်မှတ်ခြင်းအားဖြင့် လူတွေ ဆေးလိပ်မသောက်ခြင်းဖြင့်ပေါ့လေ ကျန်းမာရေးတွေကောင်းလာမယ်။ ဆေးလိပ်သောက်လို့ရင် ဆိုးကျိုးတွေ ရှိမယ်။ အဲ့ဒါလေးကို ကျနော်တို့သရုပ်ဖော် ပြီးတော့ ကျန်းမာရေးအတွက် ပညာပေးဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်"လို့ ပြောပါတယ်။
အခုလို ဆေးလိပ်မသောက်ရနေရာအဖြစ် သတ်မှတ်ထားပေမယ့် လာရောက်လည်ပတ်ရင်း ဆေးလိပ်သောက်လိုသူတွေအတွက် သီးသန့်နေရာ သုံးခုကိုလည်း သတ်မှတ်ပေးထားပါတယ်။
ထိန်ထိန်လင်း