ရွာသားကို ဝိုင်းရိုက်သည့်ရဲတပ်ဖွဲ့ဝင် ၂ ဦး ထောင်ဒဏ် ၃ လ ချမှတ်ခံရ
DVB
·
December 19, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာနေ ကိုမောင်ကြီးဆိုသူကို အကြောင်း ပြချက်မရှိဘဲ ရိုက်နှက်ခဲ့တဲ့ ရဲဝန်ထမ်း နှစ်ဦးကို ပေါင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လစီ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမှုကို ရုံးချိန်းပေါင်း ၅၅ ကြိမ် ချိန်းဆိုခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်မှာတော့ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
၂၀၁၈ မေလက ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာ မောင်ကြီး(၃၆)နှစ်နဲ့အတူ သူငယ်ချင်းသုံးဦးဟာ တောထဲသစ်တိုသီးတွေခူးပြီးအပြန် ရွာထဲရှိမောင်ကြီးရဲ့ အဒေါ်အိမ်မှာ စကားထိုင်ပြောနေချိန် ပေါင်မြို့နယ်၊ ရင်းငြိမ်နယ်မြေရဲကင်းစခန်း နယ်ထိန်းရဲတပ်ကြပ်ကြီး သိန်းလှိုင်ဦးနဲ့ ရဲတပ်သား စိုင်းထက်အောင်တို့ရောက်လာပြီး အကြောင်းပြချက်မရှိဘဲ ဝင်ရောက်ရိုက်နှက်ခဲ့လို့ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့ ကိုမောင်ကြီးက “ ကျနော်က ခြေထောက်သိပ်မသန်တော့ အများဆုံး ပိုအရိုက်ခံရတာပါ။ တော်တော်ကြာကြာလည်း ဆေးကုသမှုခံခဲ့ရတယ်။ တရားရုံးမှာအမှုရင်ဆိုင်နေ တုန်း နယ်ထိန်းသိန်းလှိုင်ဦးရဲ့ခြိမ်းခြောက်မှုတွေလည်းခံခဲ့ရတယ်။ တခုပဲစိုးရိမ်တာက သူတိုနှစ်ယောက် ယောက်ပြန်လွတ်လာရင် ကျနော့်ကိုထပ်ပြီး ဘာတွေခြိမ်းခြောက်တာတွေ လုပ်မလည်းဆိုတာ မသိသေးဘူး။ အခုလိုတရားရုံးက ထောင်၃လစီ အမိန့်ချတာကိုလည်းကျေနပ်ပါတယ်” လို့ ပြောပါ တယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ကြပ်ကြီး သိန်းလှိုင်ဦးနဲ့ ရဲတပ်သား စိုင်းထက်အောင်တို့ဟာ ပေါင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၁၁၄တို့နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။
ယူမင်းစိုး