Homeမြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့ကိုမရောက်ခင် နာရီပိုင်းအလိုတွင် မိုင်း ၃ လုံးပေါက်ကွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မာန်အောင်မြို့ကိုမရောက်ခင် နာရီပိုင်းအလိုတွင် မိုင်း ၃ လုံးပေါက်ကွဲ
DVB
·
December 19, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို လာရောက်ဖို့ နာရီပိုင်းအလိုမှာ မိုင်းသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်မနက် ၆ နာရီကျော်က မာန်အောင်မြို့နဲ့သုံးမိုင်ကျော်ကွာဝေးတဲ့ ငရံကျေးရွာအုပ်စုရှိ မြို့ပတ်လမ်းရဲ့ တဖက်တချက်မှာ မိုင်းသုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ စမုံတဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ရွှေမှ ပြောပါတယ်။
“ပေါက်ကွဲမှုဖြစ်တာကတော့ မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်တာပါ။ မာန်အောင်မြို့ရဲ့ သုံးမိုင်ကျော်ဝေးတယ်။ မြို့ကလွန်ပြီးတော့ ကုန်းခင်အုပ်စုဆို ပြီးတော့အုပ်စုတခုရှိတယ်။ အဲဒီအုပ်စုကျော်ပြီးတော့မှ ငရံအုပ်စုကိုရောက်တာပေါ့၊ ပေါက်တာကတော့ ကျွန်းပတ်လမ်းရဲ့ ပခုံးမှာပေါ့။ မြေသားပလက်ဖောင်းရဲ့ ဘေးစောင်းတန်းနား တဘက်တချက်ပေါ့။ တဘက်မှာကနှစ်လုံး တဘက်မှာကတော့ တလုံးပေါက်တာ။ မိုင်းပေါက်ကွဲတဲ့နေရာအနီးမှာတော့ ဘောစိကလေး တွေတွေ့တယ်၊ နောက်ပြီးတော့ ရေမွှေးပုလင်းအဖုံးတလုံးတွေ့တယ်။ အဲဒီရေမွှေးပုလင်းအဖုံးကိုနမ်းကြည့်လိုက်တော့ ယမ်းနံ့တွေနံတယ်၊ မြေသားတွေထွက်သွားတာရှိတယ်၊ ထိခိုက်မှုတွေတော့ မတွေ့ရဘူး”
အဆိုမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မာန်အောင်မြို့ရဲစခန်းတာဝန်ရှိသူ တဦးကို မေးမြန်းရာမှတော့ အသေးစိတ်ပြောလို့မရသေးပါဘဲ ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းတုန်းပဲရှိသေးတယ်လို့ပြောပါတယ်။
မာန်အောင်မြို့နယ်ရှိ ခအုန်းမော်ကျေးရွာမှာ တည်ဆောက်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို လာရောက်ဖွင့်လှစ်မယ့် နိုင်ငံတော်အတိုင်ပင်ခံပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက် ကတည်းက ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော်သား အင်အား ၄၀၀ ကျော်ကို လုံခြုံရေးဆောင်ရွက်ဖို့ ပို့ဆောင်ထားပြီး နောက် အခုလိုမိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ မာန်အောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် မနက် ၁၁ နာရီကျော်မှာ မာန်အောင်မြို့မှ ပြန်လည်ထွက်ခွာသွားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မာန်အောင်မြို့ကို သွားရောက်ပြီး ရဟတ်ယာဉ်နဲ့ သံတွဲလေဆိပ်သို့ ပြန်လည်ရောက်ရှိလာတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
နောင်နောင်