ဗီယက်နမ်စွန့်ဦးတီထွင်လူငယ် အခေါင်းပေါက်ပါမြက်ဖြင့် ဖျော်ရည်သောက်ပိုက် ဖန်တီး
DVB
·
December 19, 2019
ဗီယက်နမ်စွန့်ဦးတီထွင် လူငယ်တဦးက အခေါင်းပေါက်ပါ မြက်တွေကို ဖျော်ရည်သောက် ပိုက်အဖြစ် ဖန်တီးလိုက်ပါတယ်။
မြို့တော် ဟိုချီမင်းကနေ ကီလိုမီတာ ၅၀ အကွာမှာ ရှိတဲ့ ရွာလေးမှာ ထရန်မင်ထျန်းဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားက "3T" ဆိုတဲ့ လုပ်ငန်းကို ဦးစီးနေပါတယ်။
အဲဒီရွာလေးကို လုပ်ငန်းမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ အခေါင်းပေါက်ပါ မြက်ပင်တွေက ဝန်းရံနေတာပါ။ ထျန်းနဲ့ ရွာက လူ့လုပ်သားတွေဟာ အနီးဝန်းကျင် စိမ့်တောကနေ မြက်ပင်တွေကို နှုတ်ပြီး ၂၀ စင်တီမီတာအရှည် အစိတ်အပိုင်းတွေအဖြစ် ဖြတ်တောက်ပါတယ်။
အဲဒီနောက် အပိုင်းတွေကို ၂ ရက်၊ ၃ ရက်ကြာ နေလှန်းတာ၊ ဒါမှမဟုတ် ဖိုထဲထည့် အပူပေးတာ ပြုလုပ်ပါတယ်။
စွန့်ဦးတီထွင် လုပ်ငန်းရှင် ထျန်းပြောပြချက်အရ သူရဲ့ မြက်ခြောက်ပိုက်တွေဟာ ၆ လအထိ အသုံးပြုလို့ရတယ် ဆိုပါတယ်။ လူငယ်လုပ်ငန်းရှင်ထျန်းက ပလတ်စတစ် ဖျော်ရည်သောက်ပိုက်တွေနေရာမှာ ယာယီအစားထိုးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တာကို လျှော့ချဖို့အတွက် မြက်ခြောက်ပိုက် ထုတ်တဲ့ စိတ်ကူးကို ရခဲ့တယ်လို့ပြောပါတယ်။
ထျန်းဟာ သူ့လုပ်ငန်းကို ၂၀၁၇ ခုနှစ်က စတင်ခဲ့ပြီး လုပ်ငန်းကနေ တနေ့ကို မြက်ခြောက်ပိုက် ၃၀၀၀ ဝန်းကျင် ထုတ်လုပ်ပါတယ်။
ပုံမှန်အားဖြင့် အဲဒီ မြက်ခြောက်ပိုက်တခုဟာ ငွေအနည်းသာရပြီး လုပ်သားစရိတ်၊ အခွန်နဲ့ အာမခံကြေးတွေ နုတ်ပြီးချိန်မှာတော့ အဲဒီလုပ်ငန်းလေးဟာ တလကို ဒေါ်လာ ၄၀၀ ဝန်းကျင် ရရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။