မြစ်ကြီးနားမြို့တွင် လုယက်မှုများ ကျူးလွန်ခဲ့သူ ၂ ဦးကို ဖမ်းမိ
DVB
·
December 19, 2019
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ ခရီးသွားဧည့်သည်တွေကို အဓိက ပစ်မှတ်ထားပြီး လုယက်တဲ့ အမှုအများစုမှာ ပါဝင်ခဲ့သူ နှစ်ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ရုံးကနေ ပြောပါတယ်။
လုယက်မှုမှာ ပါဝင်ခဲ့တဲ့သူတွေကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ကင်းပုန်းစောင့်တာတွေ၊ နောက်ယောင်ခံလိုက်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီလောက်က မြစ်ကြီးနားဆေးရုံဝန်းအတွင်း ဖမ်းဆီးရမိခဲ့တာပါ။
“မြစ်ကြီးနားမြို့ ညစျေးတန်းတွေမှာလာတဲ့ ခရီးသည်ဧည့်သည်တွေ ကျူးလွန်ခံရတဲ့အမှုတွေ တော်တော်များများရယ်၊ နေ့ခင်းပိုင်း ဘဏ်တွေမှာ ငွေထုတ်ပြီးပြန်လာတာ၊ ငွေအပ်ဖို့လာတာတွေကို စောင့်ကြည့်ပြီး လှုပ်ရှားတဲ့အဖွဲ့ဖြစ်တယ်” လို့ မြို့နယ်ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတဦး ပြောပါတယ်။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ဆောင်နေပြီး သက်သေခံပစ္စည်းတွေကို သိမ်းဆည်းဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့သူတွေကတော့ ရမ်ပူရပ်ကွက်မှာနေထိုင်တဲ့ ဆိုင်ကယ်ကယ်ရီမောင်း အောင်ဇင်ကိုနဲ့ အောင်နန်းရပ်ကွက်မှာနေထိုင်တဲ့ သိန်းထွန်းဦးတို့ဖြစ်ပြီး နှစ်ဦးစလုံးဟာ မယားညီအကိုတွေဖြစ်တယ်လို့လည်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ဟိန်းထက်