မလှိုင်မြို့နယ်၌ ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းရာက အပူလွန်ကဲပြီး မီးလောင်
DVB
·
December 19, 2019
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ကံကြီးအုပ်စု၊ အလယ်ချောင်ရွာက နေအိမ်တလုံးမှာ ဒီဇင်ဘာ ၁၈ ရက်က ဆိုလာပြားနဲ့ ဘက်ထရီအားသွင်းရာက အပူလွန်ကဲပြီး မီးကူးစက်လောင်ကာ အဆောက်အဦ ၃ လုံး မီးလောင်သွားတယ်လို့ မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အလယ်ချောင်ရွာနေ ဦးသန်းမြိုင် (၅၅နှစ်) ဟာ သူ့အိမ်ရှေ့ နေရောင်ရတဲ့ နေရာမှာ ဝါးထရံအနီး ဆိုလာပြားနဲ့ ဘက်ထရီအိုးအားသွင်းထားရာက အပူလွန်ကဲမီးလောင်ခဲ့ပြီး နေအိမ်ထရံကိုကူးစက်သွားတဲ့အပြင် ကပ်လျက်မြေစိုက်ထရံကာ အဆောက်အဦတွေပါ မီးကူး စက်လောင်သွားခဲ့တာပါ။
မလှိုင်မြို့နယ်မီးသတ်ဦးစီးမှူးဦးဇေယျာအောင်က"ဆိုလာနဲ့ ဘက်ထရီအားသွင်းရင် မျက်စိရှေ့ မြင်သာတဲ့နေရာမှာ အားသွင်းစေချင်တယ်။ မီးလောင်တတ်ပါတယ်။ မီးသတ်ကား ၃ စီး အသုံးပြုရတယ်။ သန္ဓေအရံ မီးသတ်တပ်ဖွဲ့ဝင် ၃၂ ဦးနဲ့ ရေဂါလံ ၂၄၀၀သုံးပြီး မီးငြိမ်းသတ်ရတယ်။ ကာလတန်ဖိုး ကျပ် ကိုးသောင်းကျော် ဆုံးရှုံးတယ် ခန့်မှန်းထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
အိမ်ရှင်ဦးသန်းမြိုင်ကို မီးပေါ့ဆလို့ မီးလောင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ မလှိုင်ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။
မောင်မောင်လင်း