ရော်ဘာရွက်ကြွေမှိုရောဂါ သတိပေး
DVB
·
December 19, 2019
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ ရော်ဘာရွက်ကြွေမှိုရောဂါ ဖြစ်နေလို့ ရော်ဘာစိုက်ခင်းတွေကို ဂရုစိုက်ကြဖို့ စိုက်ပျိုးရေးဦးစီးဌာနက သတိပေးထားပါတယ်။
စိုက်ခင်းနဲ့ ပျိုးခင်းတွေကို ထိခိုက်စေတဲ့ Pestalotiopasis လို့ခေါ်တဲ့ ရွက်ကြွေမှိုရောဂါကို ၁၉၇၅ ခုနှစ်က မလေးရှားနိုင်ငံမှာ စတွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ နိုင်ငံအနှံ့ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။
အခုတော့ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု အများဆုံးနိုင်ငံတွေ ဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားအပါအဝင် အိန္ဒိယ၊ သီရိင်္လကာ၊ မလေးရှားစတဲ့ နိုင်ငံ ၆ နိုင်ငံမှာ ကျရောက်နေပါတယ်။
ထိုင်းနိုင်ငံမှာ ၂၁၀၉ ခုနှစ် စက်တင်ဘာလက နာရာသီဝပ်ခရိုင်မှာ ရောဂါ ပြင်းပြင်းထန်ထန် စဖြစ်ခဲ့ပြီး Pestalotiopsis မှိုအပြင် Colletotrichum မှိုပါပူးတွဲ ကျရောက်နေတာကြောင့် မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးတာ အများဆုံးဖြစ်တဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့ အထူးအလေးထားရမယ်လို့ ဆိုပါတယ်။
ဒီရောဂါဟာ ရော်ဘာပျိုးခင်း၊ ကိုင်းပွားခင်း၊ စိုက်ထိန်းပင်နဲ့ အပင်ကြီးတွေမှာလည်း ကျရောက်နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ ၂၀ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက် အထွက်ကျဆင်းသွားပါတယ်။
မလေးရှားမှာတော့ ရောဂါကြောင့် ၉၀ ရာခိုင်နှုန်း အရွက်ကြွေပြီး တောင်ပေါ်နဲ့ မြေပြန့်ကို လိုက်လို့ ရောဂါပြင်းထန်မှု အခြေအနေ ကွာနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြင်းပြင်းထန်ထန် ကျရောက်တတ်တဲ့ရောဂါ ဖြစ်တာကြောင့် ကာကွယ်ရေးနဲ့ အသိပညာပေးရေး လုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက မွန်ပြည်နယ်မှာ ဒီဇင်ဘာ ၁၈ ရက်က စလုပ်နေပြီး ဒီလထဲမှာ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်း၊ လာမယ့်ဇန်နဝါရီလမှာ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။