ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသည့် ကိုအောင်ကြီးကို တရားသူကြီးက ပြန်လွှတ်ပေး
DVB
·
December 18, 2019
ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို တရားသူကြီးက ပြန်လွှတ်ပေးလိုက်ပါတယ်။
တရားလိုပြသက်သေတွေ မကုန်ခင်မှာဘဲ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ အောင်ကြီးကို ပြစ်မှုကျူးလွန်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပြီး တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်လွှတ်ပေးလိုက်တာပါ။
တရားသေလွှတ်လိုက်တာမဟုတ်ဘဲ မကျေနပ်ရင် ဥပဒေအရာရှိတွေအနေနဲ့ အထက်ကို တက်နိုင်တယ်လို့ သူရဲ့ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်မေလက နေပြည်တော်မှာ ရှိတဲ့ Wisdom hill မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ မိန်းကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မူကြိုကျောင်းရဲ့ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စွဲဆိုဖို့ သက်သေမလုံလောက်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လလယ်မှာ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို ဗစ်တိုးရီးယားအမှုမှာ သံသယရှိမှုနဲ့ ဖမ်းဆီးခံထားရတာ ၆ လအကြာမှာ ပြန်လည်လွတ်မြောက်လာတာပါ။
ဒီနေ့ ကျောင်းလုံခြုံရေးကင်မရာမှတ်တမ်းစစ်ဆေးတွေ့ရှိချက်တွေကို တရားရုံးကို တင်ပြခဲ့တယ်လို့လည်း ဥပဒေအကျိူးဆောင်တွေကပြောပါတယ်။ ဖျက်ထားတဲ့ မှတ်တမ်း တချို့ကိုလည်း ပြန်လည် ဖော်ထုတ် ကြည့်ရှုနိုင်ခဲ့ပြီး ဗီဒီယိုဖိုင်တွေထဲမှာ ဘာတွေပါနေတယ်ဆိုတာတော့ မသိရသေးပါဘူး။
၂၀၁၉ ခုနှစ် ဇူလိုင် ၅ ရက်နေ့က သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သက်သေခိုင်လုံတာကြောင့် ကိုအောင်ကြီးကို တရားစွဲခဲ့တာဆိုပြီး ဒုရဲချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။