Home
မြန်မာသတင်း
မြောက်ဦးတွင် မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ် ၃၀ ကျော်ကို အေအေတပ်ဖွဲ့ ဖမ်းဆီး
ဝဏ္ဏခွာညို
·
December 18, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ၆ နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ် ၃၀ ကျော်ကို ရက္ခိုင့်တပ်တော်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြောက်ဦးမြို့ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ အကြား လူငယ် လူလတ်တွေ ဖြစ်ကြပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေတဲ့ အမျိုးသမီးနှစ်ယောက်လည်း ဖမ်းဆီးခံရတဲ့အထဲမှာ ပါဝင်တယ်လို့ မြောက်ဦးမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ “ဖမ်းဆီးသွားတာက အကုန်လုံးအယောက် ၃၀ ကျော်တယ်။ အဲဒီထဲမှာ အမျိုးသမီး နှစ်ယောက် ပါတယ်။ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အမျိုးသမီး နှစ်ယောက် ပါတယ်။ နေရာ ၆ နေရာလောက်က သုံးစွဲနေတဲ့သူတွေကို ဖမ်းဆီးသွားတာ။ ဒေသအခေါ်ဝေါ်ဆိုရင် မူးယစ်ဆေးဝါးကို အစီချေလို့ ခေါ်တယ်ဗျ။ လယ်ကွင်းပြင်တဲတွေမှာလည်း သုံးစွဲနေတဲ့လူတွေလည်း ဖမ်းသွားတယ်။” မြောက်ဦးမြို့အထက်က မုတ်ဆိတ်တောင်အနီးတဝိုက်၊ ရတနာ့မာန်ရ်အောင် ဘုရားသိမ်အတွင်းနဲ့ အောင်မင်္ဂလာ၊ စပါးဆိပ် စတဲ့နေရာအပါအဝင် ရတနာပုံစေတီအနီးတဝိုက်နဲ့ သကျမာန်အောင်စေတီ စတဲ့နေရာတွေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က အေအေတပ်ဖွဲ့ဝင် အင်အား ၄၀ လောက်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ မြို့သစ်ရပ်ကွက်က ဖမ်းဆီးခံရတဲ့ လူငယ်တဦးရဲ့ဖခင်က “ဒီလို ဆေးသုံးနေတာကျတော့ အပြစ်ပေးတာ ကောင်းပါတယ်။ ကျနော့်သားကတော့ မရတော့ဘူး။ ဆိုဆုံးမလို့လည်း မရဘူး။ ကျနော်ကတော့ မရတော့ဘူးလို့ လွှတ်ထားတာ။ အခုလို အကူအညီပေးတာကတော့ ကောင်းပါတယ်။ အခုက လူငယ်ပိုင်းတွေဆိုရင် မူးယစ်ဆေးဝါး(အစီချေ) သုံးနေတဲ့လူတွေပဲ အားလုံးက၊ ဒီလိုသာ မလုပ်ဆောင်ဘူးဆိုရင် ဒီထက်ဆိုးလာဖို့ပဲ ရှိတော့တယ်။” ဖမ်းဆီးခံရတဲ့ လူငယ်တွေအတွက် အသက်အန္တရာယ်ကိုတော့ စိုးရိမ်စရာမရှိဘူးလို့ မိသားစုတွေက ပြောပါတယ်။ ဗန္ဓုလရပ်ကွက်က ဖမ်းဆီးခံလူငယ်တဦးရဲ့ မိခင်က “ဘာမှစိုးရိမ်စိတ်မရှိဘူး။ သူတို့ကို ပညာပေး ဆုံးမဖို့ ခေါ်ယူသွားတယ်လို့ ကျမတို့ ထင်တယ်။ ကျမသားအပါအဝင် လူငယ်တွေ တော်တော်များများက မူးယစ်ဆေးဝါး သုံးစွဲတာ တော်တော်များလာတယ်။ ဒီကို အုပ်ချုပ်ရေးဘက်ကလည်း လုံခြုံမှုမပေးနိုင်ဘူး။ အဲလောက်အထိ အခြေအနေအထိတောင် ဖြစ်လာကြတယ်။” အရင်ကလည်း မြောက်ဦးမြို့မှာ လူငယ်တွေ မူးယစ်ဆေးသုံးစွဲကြပြီး အခုက ပိုဆိုးလာပြီး ဘုရားပုရဝဏ်ထဲထိတောင် သုံးစွဲလာကြတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ အခုလို ဖမ်းဆီးတာနဲ့ပတ်သက်လို့  အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “မူးယစ်ဆေးဝါးတွေကြောင့် အကျင့်ပျက်နေတဲ့လူတွေကို အကျင့်စရိုက်တွ ကောင်းမွန်အောင်  ကျနော်တို့ အကောင်းဆုံး ပြုပြင်ပေးသွားဖို့အတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ လုပ်ဆောင်သွားဖို့ ညွှန်ကြားချက်ပေးထားတာ ရှိတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြောက်ဦးမြို့အတွင်း လူမြင်ကွင်းရှိ ဓာတ်မီးတိုင်တွေ၊ အဆောက်အဦ နံရံတွေမှာ ရခိုင်လူငယ်တွေရဲ့ အနာဂတ်အတွက် မူးယစ်စိတ်ကြွဆေးပြား ရောင်းချနေသူနဲ့ သုံးစွဲသူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးစာတွေ ကပ်ထားခဲ့တာ မြင်တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024