Home
မြန်မာသတင်း
လားရှိုးတွင် ရွာအနီး လက်နက်ကြီးကျ၍ လူ ၅၀၀ ကျော် အီနိုင်းရွာသို့ တိမ်းရှောင်လာ
နန်းမြနဒီ
·
December 17, 2019
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးနဲ့ နမ္မတူမြို့နယ်အကြားမှာ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်တွေ ကျလာတဲ့အတွက် ဒေသခံရွာသားပေါင်း ၅၀၀ ကျော် အီနိုင်းကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။  ၁၈ မိုင် နားဆိုင်းရွာ၊ ၁၅ မိုင် လွယ်တောက်ကျေးရွာအနီးမှာ တီအန်အယ်လ်အေ တပ်တွေ ရောက်ရှိနေပြီး မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တိုက်ပွဲတွေ ဖြစ်လာမှာကြောက်ပြီး ရွာသားတွေ ထွက်ပြေးလာတာလို့  တိုက်ပွဲရှောင် ပြည်သူတွေကို လက်ခံကူညီပေးနေတဲ့ အီနိုင်းကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းလှမောင်က ပြောပါတယ်။  “သူတို့က ရွာနားမှာ ပလောင်စစ်သား ရောက်နေပြီး အစိုးရတပ်ဘက်က အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲဒါတိုက်ပွဲတွေ ဘာတွေ ဖြစ်လာမှာစိုးလို့  ရွာသူကြီးတွေက လူအိုတွေ၊ လူမမမာတွေ၊ ကလေးတွေ ဘေးလွတ်ရာ ရွှေ့ထားဖို့ ပြောတယ်တဲ့၊ သူတို့တွေကို ရွှေ့တဲ့ခါကျတော့ ပြုစုစောင့်ရှောက်မယ့်သူတွေပါ အကုန်လုံး လိုက်လာရတဲ့သဘောပေါ့ ခင်ဗျာ” တိမ်းရှောင်ခိုလှုံလာသူတွေကို အီနိုင်းရွာဦးဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး မနေက ညစာနဲ့ ဒီနေ့ မနက်စာအတွက်တော့ အီနိုင်းရွာသားတွေ စုပေါင်းပြီး ထမင်းထုပ်တွေ ဝေပေးထားတယ်လို့ သိရပါတယ်။ သူတို့တွေဟာ နောက်ထပ် ဘယ်လောက်ကြာအောင် ဆက်ပြီးခိုလှုံနေရမယ်ဆိုတာ ခန့်မှန်းလို့ မရကြောင်း၊ ဒါကြောင့် စားနပ်ရိက္ခာနဲ့ အခြေခံအသုံးအဆောင်တွေ အကူအညီရဖို့ လားရှိုး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးထံ ဆက်သွယ်အကူညီတောင်းထားပြီး အခြားအလှူရှင်တွေလည်း လာရောက် ကူညီထောက်ပံ့ပေးဖို့ အီနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး က ဖိတ်ခေါ်လိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024