Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်းနီးပါး ဖမ်းဆီးရမိ
နန်းမြနဒီ
·
December 17, 2019
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ့်ကျန်းမြို့နယ်ထဲမှာ ဒီနေ့မနက်က စိတ်ကြွဆေး ၅ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  နှစ်သစ်မကူးခင် မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးတွေ အချီကြီး ဝင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မယ့်ကျန်းမြို့နယ်နဲ့ မယ့်အိုင်းမြို့နယ်ကြားက နယ်စပ်နဲ့ ဆက်စပ်နေတဲ့ လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ ချထားပြီး စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။  ဒီနေ့မနက် ၁ နာရီ နဲ့ ၂ နာရီကြားမှာတော့ အရှေ့မှာ ဆိုင်ကယ်တစ်စီး လမ်းပြပြီး အနောက်က လိုက်လာတဲ့ အနက်ရောင် အီဇူးစူးဟိုင်းလပ်ကားတစ်စီးကို မသင်္ကာလို့ တာဝန်ရှိသူတွေက စစ်ဆေးဖို့ တားဆီးခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်မောင်းနှင်သွားလို့ တာဝန်ရှိသူတွေက ကားနဲ့ အနောက်ကလိုက်သွားကြောင်း၊ အဆိုပါကားဟာ မယ့်ကျန်းမြို့နယ် ပါတိန်းအုပ်စုဘက် ချိုးကွေ့သွားပြီး လောဖုံးကျေးရွာရောက်တော့ အိမ်တအိမ်ရဲ့ အုတ်တံတိုင်းကို အရှိန်နဲ့ ဝင်တိုက်မိတယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။  အုတ်တံတိုင်းကို တိုက်မိတဲ့အသံဟာ ကျယ်လောင်လွန်းတာကြောင့် အိမ်ရှင်နဲ့ ရွာသားတွေ လန့်နိုးပြီး လာရောက်ကြည့်ရှုကြောင်း၊ ရဲတွေကလည်း ရောက်ရှိသွားတဲ့ အခါမှာ ကားမောင်းသူက မှောင်ရိပ်ခိုပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။  အဆိုပါကားပေါ်မှာတော့ စိတ်ကြွဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိတ် ၂၅ လုံးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ စိတ်ကြွဆေးပြားတွေမှာ ၉၉၉ တံဆိပ်ပါ အနီရောင်ဆေးပြား၊ ပန်းသီးတံဆိပ်ပါ အနက်ရောင်နဲ့ အပြာရောင်ဆေးပြားတွေဖြစ်ပြီး အိတ်တလုံးစီမှာ ဆေးပြား ၂ သိန်းခန့်ရှိတဲ့အတွက် စုစုပေါင်း စိတ်ကြွ ဆေး ၅ သန်းခန့်ကို ဖမ်းမိခဲ့တာလို့  တာဝန်ရှိသူကပြောပါတယ်။  ထိုင်း-မြန်မာ နယ်စပ်မှာ မူးယစ်ဆေးဝါး နယ်စပ်ဖြတ်ကျော် သယ်ဆောင်မှု ပပျောက်ရေးအတွက် ထိုင်းနဲ့မြန်မာပူးပေါင်းပြီးThe Golden Triangle Operation 1511 စီမံကိန်းကို ချမှတ်ဆောင်ရွက်နေပါတယ်။ မြန်မာဘက်မှာ မိုင်းဆတ်ခရိုင်နဲ့ တာချီလိတ်ခရိုင်ထဲမှာ မူးယစ်ဆေး စစ်ဆင်ရေး ဆောင်ရွက်နေပြီး ထိုင်းဘက်မှာတော့ ချင်းရိုင်းခရိုင်ထဲမှာ ဆောင်ရွက်နေတာပါ။ အဆိုပါ စစ်ဆင်ရေးအရ မနေ့ ညဦးပိုင်းက မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်း အုပ်စု ဖာမီကျေးရွာအနီးမှာ မူးယစ်ဆေး သယ်ဆောင်သူတွေနဲ့ ထိုင်းကွန်မန်ဒိုတပ်ဖွဲ့ ၂ တို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ဒီမနက်မှာတော့ ထိတွေ့မှုဖြစ်ပွါးခဲ့တဲ့ နေရာကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ အမှတ် ၃  စစ်တိုင်းဒေသတပ်ရင်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။ မန်နေဂျာအွန်လိုင်းက ဖော်ပြတဲ့ နောက်ဆက်တွဲသတင်းအရ အဆိုပါနေရာမှာ စိတ်ကြွဆေးပြား နောက်ထပ် ၁ သန်းခွဲကို ဖမ်းမိရမိခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေ ဘယ်လောက်ရှိသလဲဆိုတာတော့ မဖော်ပြထားပါဘူး။  ကိုးကား- မန်နေဂျာအွန်လိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024