ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်
DVB
·
December 17, 2019
ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖု ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၁၆ ရက်ညက အထူးလေယာဉ်နဲ့ နေပြည်တော်သို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ ဇနီးဖြစ်သူတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာသမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ လာရောက်တာ ဖြစ်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းနဲ့ တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုနှုတ်ဆက်ကြပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်ဟာ မြန်မာသမ္မတ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွာရေး၊ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးသဘောတူကြဖွယ် ရှိပါတယ်။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၈၆၀ ရှိခဲ့ပြီး အခု ၂၀၁၉ ခုနှစ် ၁၀ လတာ အတွင်းမှာ ဒေါ်လာ သန်း ၇၉၀ ရှိနေပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖို့ရှိနေပြီး ၂၀၂၀ ပြည့်နှစ်မှာ ကုန်သွယ်မှု ဒေါ်လာ ၁ ဘီလီယံရောက်ရှိအောင် ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ မြန်မာနိုင်ငံမှာ သတ္တမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ နိုင်ငံဖြစ်ပြီး စီမံကိန်း ၁၈ ခုမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနဲ့ ဗီယက်နမ်အကြား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၄၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ- MOI