Home
မြန်မာသတင်း
တောင်သူတွေအပေါ်စွဲထားသည့်အမှုများ ရုပ်သိမ်းရန် ဖက်ဒရယ်လယ်သမားကွန်ရက် တောင်းဆို
နော်နိုရင်း
·
December 16, 2019
တပ်မတော်အနေနဲ့ တောင်သူလယ်သမားတွေရဲ့အခြေအနေကို နားလည်ကိုယ်ချင်းစာပြီး ဥပဒေပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုမှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEEN) က တောင်းဆိုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အကြီးစား စီမံကိန်းလုပ်ငန်းတွေကို  လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေကို ကြိုတင်ချပြပြီး ညှိနှိုင်းသဘောတူညီမှုရရှိမှာသာ လုပ်ဆောင်ဖို့လည်း ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုပါတယ်။ ၂၀၁၅ ခုနှစ်က လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ စီမံကိန်းတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEEN) ပြောခွင့်ရသူ ဦးနောင်လတ်က “ အခု ကရင်နီမှာ တောင်သူ ၄၀ ကျော် စစ်တပ်က တရားစွဲထားတာတွေရှိတယ်။ အဲဒါအခု ဒီမိုကရေစီအစိုးရဖြစ်သလို  ဒေသခံ တောင်သူတွေကို ဦးစားပေးပြီးမှ ဒီဟာကို အတတ်နိုင်ဆုံးဖြေလျှော့ပေးပြီးမှ ဖမ်းဆီးထားတဲ့တောင်သူတွေကို လွှတ်ပေးဖို့ အစိုးရကိုလည်း တောင်းဆိုချင်တယ်။ ဒီတိုင်းရင်းသားပါတီများမှသော်လည်းကောင်း၊ လက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း တိုင်းရင်းသားများရဲ့ မြေယာကိစ္စရပ်ကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကိစ္စအပေါ်မှာ ဝိုင်းဝန်းကူညီ ပြောဆိုပေးဖို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်” လို့ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာဓလေ့မြေယာအသုံးပြုမှုတွေနဲ့ သဟဇာတ မဖြစ်တဲ့ မြေယာဥပဒေတွေ တခုပြီးတခု ထွက်ပေါ်လာတာဟာ မြေယာသိမ်းဆည်းမှုကို  အားပေးရာရောက်သလို မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသားတောင်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေဖို့ ဌာနေတိုင်းရင်းသားတောင်သူတွေကို  အစုလိုက်အပြုံလိုက် တရားစွဲ ထောင်ချတာဟာ တောင်သူတွေရဲ့ ဘဝရှင်သန်မှုကို ခြိမ်းခြောက်ရာ ရောက်တယ်လို့ လည်းဆိုပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး  ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကတော့  မြေယာကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဖွဲ့စည်းပုံအရ ခက်ခဲနေကြောင်း ပြောပါတယ်။ “များသောအားဖြင့် ဒီပြဿနာက တပ်ပိုင်းနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ တပ်နဲ့ပတ်သက်နေတဲ့ကိစ္စ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ဒီ ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထားချက်အရ ဇယား ၂ အရဆိုလို့ရှိရင် ကျနော်တို့ ပြည်နယ်မှာက ထဲထဲဝင်ဝင်လုပ်လို့မရတဲ့ အနေအထားမျိုးကို ရှိနေပါတယ်။ ကျနော်တ‌ယောက်အနေနဲ့ လက်ရှိအစိုးရ ဖွဲ့စည်းနေတဲ့ပါတီထဲက တယောက် မဟုတ်တဲ့အတွက် ဒီအပေါ်မှာလည်း ကျနော် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့မှ လုပ်တော့လုပ်နေပါတယ်။ ထိရောက်မှုမရှိတာတော့ အမှန်ပဲပေါ့။” ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEEN) ကို  ကရင်နီ၊ မွန်၊ ရှမ်း၊ ကချင်၊ ကရင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်က တောင်သူလယ်သမားရေး မြေယာအရေးလုပ်ဆောင်တဲ့ အရပ်ဘက်အဖွဲ့ ၇ ဖွဲ့နဲ့  ၂၀၁၅ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024