Home
မေးမြန်းခန်း
လွှတ်တော်ပြင်ပကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ် – ရဲဘော် သံခဲ
DVB
·
February 7, 2013
ဖေဖော်ဝါရီ ၂ ရက်ကနေ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကျောင်းသားတပ်မတော် ဗဟိုကော်မတီ စုံညီအစည်းအဝေး ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ ရဲဘော်သံခဲကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဗဟိုကော်မတီအစည်းအဝေးကနေ ဘာတွေအဓိက ဆုံးဖြတ်ချက်ချနိုင်ခဲ့လဲ။ “အဓိက ဗဟိုကော်မတီ စုံညီအစည်းအဝေးဖြစ်တယ်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ မကြာခင်ကသွားခဲ့တဲ့ မြန်မာပြည်လေ့လာခရီးစဉ်မှာရရှိခဲ့တဲ့ အချက်အလက်တွေ၊ ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်တွေ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘာတွေဆုံးဖြတ်ခဲ့လဲဆိုတော့ အဓိက မြန်မာပြည်နိုင်ငံရေးအခြေခံအောက်မှာ အရေးကြီးတဲ့လိုအပ်ချက် ၃ ချက်တွေ့ခဲ့တယ်။ တစ်က မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်အကောင်အထည်ဖော်ဖို့လိုအပ်နေတယ်။ အကောင်အထည်ဖော်ရာမှာ ဒီမိုကရေစီအင်အားစုတွေအားလုံးနဲ့ တိုင်းရင်းသားအင်အားစုတွေအားလုံး ပါဝင်ဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မရှိမဖြစ် လိုအပ်နေတယ်။ တပြိုင်တည်းမှာပဲ ဒီဆွေးနွေးမှုတွေဟာ လက်ရှိ မြန်မာပြည်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာကိစ္စတွေ ပြုပြင်ပြောင်းလဲရေးတွေ ဆွေးနွေးကြရမှာဖြစ်တယ်။ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီအရေးအတွက် အာမခံချက်ရှိရမယ်။ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေး အာမခံချက်တွေရှိရမယ်။ ဖွဲ့စည်းပုံတခုပေါ်ပေါက်ရေးအပေါ်မှာ တဖက်နဲ့တဖက် ဘယ်လောက်ထိ နားလည်ထားနိုင်မလဲ။ ဘုံသဘောတူညီချက်တေကနေ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တရပ် လိုအပ်တယ်ဆိုတာ ဗဟိုကော်မတီကနေ ယုံကြည်ထားပါတယ်။” ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ပြန်ပေါ်ရေးဆိုတာ အသစ်ပြင်မယ်လို့ ယူဆလို့ရတယ်လေ။ အဲတော့ သမ္မတကလည်း ခဏခဏပြောတယ်။ လွှတ်တော်နဲ့ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခိုင်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း လူထုအားနဲ့လုပ်ထားတယ်လို့ အမြဲပြောတယ်။ အဲတော့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်လို့ရမလဲ။ “ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ဆိုတာ အားလုံးရဲ့ဆန္ဒသဘောထားတွေ၊ အားလုံးအတွက် အကျိုးအမြတ်တွေဟာ သာတူညီမျှရှိရမယ့် အချက်အလက်တွေ စတဲ့ အင်္ဂါရပ်တွေ ဒါတွေအားလုံးနဲ့ ပြည့်စုံရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာက ဒီမိုကရေစီရေးအရ အာမခံချက်နဲ့ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေး အာမခံချက်တွေမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျနော်တို့လိုချင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ငန်းစဉ်တွေမဖြစ်နိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားအင်အားစု၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေနဲ့အတူ နိုင်ငံရေးဆိုင်ရာနှီးနှောဖလှယ်ပွဲကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စကို အတိအလင်း ဆွေးနွေးဖို့လိုအပ်တယ်။ ဒီဆွေးနွေးနှီးနှောဖလှယ်ပွဲကို အမြန်ဆုံးကျင်းပနိုင်ဖို့ အားလုံးရဲ့ သဘောတူညီချက်တွေရဖို့ လိုတယ်။ ဒါက ကျနော်တို့မြင်တဲ့ ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ရေး။ တည့်တည့်ပြောရရင် လွှတ်တော်ထဲမှာဝင်ပြီးပြင်ရမယ့် ပုံစံမျိုးမဟုတ်ဘဲ ပထမအဆင့်အနေနဲ့ကတော့ လွှတ်တော်ပြင်ပမှာ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးနှီးနှောဖလှယ်ပွဲကြီးမှာ ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ရေးကို အဓိကထားဆွေးနွေးရမယ့်အချက်လို့ ယူဆတယ်။” အစိုးရလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အေဘီအက်စ်ဒီအက်ဖ်က ဘယ်လို သဘောထားလဲ။ “လက်ရှိလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေမှာ အဓိက အဟန့်အတား ၂ ခု ရှိတယ်လို့ ကျနော်မြင်ပါတယ်။ တခုက တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စမျိုးဟာ တာဝန်ခံမှုရှိရှိ၊ တာဝန်ယူမှုရှိရှိနဲ့ လုပ်ရမှာဖြစ်ပါတယ်။ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တာဝန်ခံမှု၊ တာဝန်ယူမှု အားနည်းနေတာနဲ့အမျှ ရှေ့ဆက်ရမယ့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက်လည်း တိုးတက်လာနိုင်စရာမရှိဘူး။ အထူးသဖြင့် ကချင်ဒေသမှာ ဖြစ်နေတဲ့ ထိုးစစ်တွေကို ချက်ချင်းရပ်ပစ်ဖို့ လိုတယ်။ အဲလိုမျိုးမှသာလျှင် ကျနော်တို့ ပြောပြောနေတဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် အားလုံး ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုတဲ့၊ ပဋိပက္ခတွေကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းမယ့်အစား အားလုံးညှိညှိနှိုင်းနှိုင်းဖြေရှင်းရမယ့် ပုံစံမျိုးကို ရောက်သွားမယ်လို့ ထင်တယ်။ မဟုတ်ရင်တော့ ဒီသံသရာထဲမှာပဲ လည်နေလိမ့်မယ်။ အရေးကြီးတာက တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်ရှိအစိုးရက တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ လုပ်ဖို့က ပထမအဆင့်၊ ဒုတိယအဆင့်က နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို အားလုံးလိုက်ပါနိုင်တဲ့ အခြေခံအောက်မှာ၊ လူထုရှေ့မှာ၊ လွှတ်တော်ပြင်ပမှာ အင်အားစုအားလုံးအတွက် စုစည်းနိုင်တဲ့ အခင်းအကျင်းတခုကို ဖန်တီးနိုင်ဖို့ လိုအပ်တယ်လို့ ကျနော် ယူဆပါတယ်။” ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အပေါ်ကိုရော အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ ဘယ်လိုမြင်လဲ။ “ပြုပြင်ပြောင်းလဲရေးဆိုတဲ့နေရာမှာ လူထုအတွက်လည်း အကျိုးရှိရမယ်၊ လူထုဆိုတဲ့နေရာမှာ ဗမာရော၊ တိုင်းရင်းသားတွေရော အင်အားစုအားလုံးအတွက် အကျိုးရှိရမယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေးတွေဟာ တစုံတရာအားဖြင့် အားလုံးလိုချင်တဲ့ အတိုင်းအတာ မရှိပါဘူး။ ကျနော်တို့ ဒီနေ့ လိုချင်နေတာက ပြည်တွင်းစစ်တွေ ရပ်စဲရေးကို လိုချင်တယ်။ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လိုချင်တယ်။ ပြည်သူလူထုဆန္ဒနဲ့အညီ လုပ်ဆောင်မယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို လုပ်ချင်တယ်။ အခုချိန်ထိ ကျနော်တို့ မရသေးဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးတွေက အများကြီး လုပ်ဖို့ လိုသေးတယ်လို့ ကျနော် မြင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024