မူဆယ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေး အမြောက်အမြား ဖမ်းမိ
DVB
·
December 16, 2019
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြား အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မနေ့ညနေ ၄ နာရီလောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာ၊ လားရှိုး-မူဆယ် ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနေ လိကြားလျန်း မောင်းနှင်လာတဲ့ ဟိုင်းလပ်ကားတစီးကို စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းနဲ့ ဝဲ၊ ယာ ကားဘော်ဒီအံဝှက်အတွင်းတို့မှ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊ တံဆိပ်မပါ စိတ်ကြွဆေးပြား ၁၂၀၀၀၀ ပြား၊၊ ဖုန်း ၂ လုံးတို့နဲ့အတူ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
လိကြားလျန်း(ဖမ်းမိ)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။