Homeမြန်မာသတင်း
မူးယစ်ဆေးကိစ္စ တိုင်ကြားခဲ့သည့် အမျိုးသမီး ခြိမ်းခြောက်ခံရပြီး နေအိမ်အနီး မီးရှို့မှုဖြစ်ပွား
မူးယစ်ဆေးကိစ္စ တိုင်ကြားခဲ့သည့် အမျိုးသမီး ခြိမ်းခြောက်ခံရပြီး နေအိမ်အနီး မီးရှို့မှုဖြစ်ပွား
ပိုင်စိုး
·
December 16, 2019
စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ မူးယစ်ဆေးဝါးအခြေအနေ ဆိုးရွားနေတဲ့ အကြောင်း ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့တဲ့ အမျိုးသမီးတဦးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရသလို အိမ်နားမှာလည်း မီးရှို့တာနဲ့ ကြုံခဲ့ရပါတယ်။
မနေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကောလင်းဒေသခံ လူထုတွေ့တွေ့ဆုံပွဲမှာ အန်အယ်လ်ဒီပါတီဝင် ဒေါ်မိမိကြီးက မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို ပုံးနဲ့အပြည့်ကောက်ယူလာပြီး ဝန်ကြီးချုပ်ကို ပြသတိုင်ကြားခဲ့တာပါ။
“တောထဲမှာဆို အဲဒါ ကျမ ကောက်တာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ တောထဲမှာလေ နှင်းတောထဲမှာ ပန်းတွေ ပွင့်နေတာကျနေတာပဲ ဖွေးလို့။ ဆေးထိုးအပ်တွေ သွေးစတွေနဲ့။ (မူးယစ်ဆေး) ခိုးရောင်းတဲ့ သူက ဆေးထိုးအပ်ထဲ တခါတည်း ထည့်ထားတာ။ ဝယ်ပြီးရင် ထိုးချင်တဲ့ နေရာသွားထိုးပေါ့။ အနားက မီးရထား ရေကန်ထဲမှာ ဆိုရင်လေ အပ်တွေကို ပလူပျံနေတာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့နေရာဟာ ရဲစခန်းနဲ့ နီးနီးလေးပဲလို့လည်း သူက ပြောပါတယ်။
ဒီလို တိုင်ကြားတာကြောင့် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို ကြိမ်းမောင်းခဲ့ပါတယ်။ တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကလည်း ဒီအကြောင်းကို သူတို့ မသိသေးကြောင်း၊ တကယ်လို့ မြို့နယ်အဆင့်တွေက အရေးတယူမလုပ်ရင် တိုင်းအဆင့်ကို တင်ပြဖို့အကြောင်း၊ အခုလိုပြောတဲ့အတွက် တင်ပြလာသူမှာ အသက်အန္တရာယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒေါ်မိမိကြီးဟာ မနေ့က ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲအပြီး ပြန်အလာမှာပဲ သူ့အိမ်နားမှာ မီးရှို့တာကို ကြုံခဲ့ရပါတယ်။
“ည ၈ နာရီပတ်ဝန်းကျင်လောက် ဝန်ကြီးချုပ်တွေ့ဆုံပွဲကအပြန် အင်္ကျီလဲနေတုန်း မီးရှို့ပြီဆိုလို့ လိုက်တော့ ဆိုင်ကယ်နှစ်စီးနဲ့ ပြေးသွားတာ။ ကျမအိမ်နဲ့ မနီးမဝေးက ကောက်ရိုးပုံကြီးကို ရှို့သွားတာ။ အနားက ရဲစခန်းက ရဲတွေ လာငြှိမ်းတယ်။ မြန်မြန်ငြိမ်းလို့ပေါ့။ မဟုတ်ရင် အနားမှာ ဆီဆိုင်တွေနဲ့” လို့ ပြောပါတယ်။
မနေ့ညကတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတချို့က သူ့အိမ်နားမှာ လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒီမနက်မှာတော့ အမျိုးသားတယောက်က သူ့ကို သတ်ပစ်မယ်လို့ လာရောက်ခြိမ်းခြောက်ခဲ့ပါတယ်။
“ဒီနေ့တောင် (လွှတ်တော်)ကိုယ်စားလှယ်အိမ်သွားပြီး ကျမကို သတ်မယ်ဖြတ်မယ် ပြောလို့၊ အခုပဲ စခန်းမှာ အမှုဖွင့်ပြီး လာခဲ့ရတာ။ မနက်က လူတယောက်က ကိုယ်စားလှယ်အိမ်ကို သွားပြီးတော့ မူးယစ်ဆေးနဲ့ပတ်သက်တယ် နေမှာပေါ့။ မိမိကြီး ဆိုတဲ့ ကောင်မကို ကျုပ်က သတ်မှာ၊ သတ်ပြီးရင် အဖမ်းလည်းမခံဘူး။ တောထဲကို ပြေးမှာ လို့ပြောတယ်” လို့ ဒေါ်မိမိကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်က အမျိုးသားတယောက်ဟာ မူးယစ်ဆေးဝါး သယ်ယူတဲ့ လမ်းကြောင်းတွေကို ကိုယ်တိုင်တောထဲမှာ သွားရောက်စုံစမ်းပြီး သက်ဆိုင်ရာကို သတင်းပေးတာကြောင့် မူယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာ ခြိမ်းခြောက်ခံခဲ့ရတာကြောင့် သူ့ရဲ့ စီးပွားရေးလုပ်ငန်း ထိခိုက်လာတဲ့အပြင် တခြားမြို့ရွာကိုပါ တိမ်းရှောင်ခဲ့ရပါတယ်။
လက်ရှိနိုင်ငံရဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါ်မိမိကြီးက “မူးယစ်ဆေးဝါးကတော့ မြန်မာနိုင်ငံကြီး ပျောက်သွားရင်တောင် ပျောက်မယ်မထင်ပါဘူး။ ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ ဖြစ်မယ်မထင်ပါဘူး။ ဒီမူးယစ်ဆေးဝါးကြီး လွှတ်ထားမှတော့ ဒီငြိမ်းချမ်းရေးကလည်း ရမယ်မထင်ပါဘူး။ ဒီဟာတွေက ဒါတွေနဲ့ ဒီလိုပဲ လုပ်နေကြတာ၊ ကျမကတော့ စိတ်ညစ်ပါတယ်” လို့ ပြောပါတယ်။