Live
Home
မြန်မာသတင်း
ထိုင်းနှင့် မလေးရှားသို့ အခကြေးငွေမယူဘဲ အလုပ်သမား စေလွှတ်သည့်စနစ် ကျင့်သုံးရန် တိုက်တွန်း
စိုးမိုးအောင်
·
December 16, 2019
ထိုင်းနဲ့ မလေးရှားကို လုပ်သားတွေဆီက ငွေမယူဘဲ စေလွှတ်လို့ရမယ့် Zero Payment စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံက အထည်ချုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ စာရေးကိရိယာတွေ ဝယ်ယူတဲ့အခါ လုပ်ငန်းရှင်ဟာ လုပ်သားတွေဆီက အကျိုးအမြတ်မယူဘဲ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေသာ ဝယ်ယူလာတဲ့အပေါ် အလုပ်ရှင်ဘက်ကပဲ အေဂျင်စီခ ပေးဆောင်ခေါ်ယူမှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လုပ်သားစေလွှတ်တဲ့အခါ Zero Payment စနစ်နဲ့ စေလွှတ်မှုတွေ ရှိလာပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ လိုမယ်လို့လည်း ဦးကျော်ထွေးက ပြောပါတယ်။ “ယိုးဒယားမှာလည်း တော်တော်များများ အလုပ်တွေက လုပ်ငန်းတွေက Zero Payment ရှိတယ်။ အဓိကက ယိုးဒယား အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ပြီးတော့ သူတို့နိုင်ငံနဲ့လည်း ချိတ်ဆက်တော့ လုပ်နေတယ်။ နည်းတော့ နည်းသေးတယ်။ အဲဒါကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ်။ ဒီဘက်ကနေရှိတဲ့ အေဂျင်စီတွေပေါ့။ တရားဝင်ပို့တဲ့ အေဂျင်စီတွေကနေပြီးတော့ Zero Paymentကို တကယ် လိုက်နာဖို့အတွက် ကျနော်တို့ ဘယ်လို လုပ်ကြမလဲ။ ဘယ်လို ကြပ်မတ်ကြမလဲပေါ့နော်” မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် ရှာတဲ့အခါ အေဂျင်စီတွေကို ငွေကျပ်  ၁၀ သိန်းလောက်အထိ ပေးသွားနေရပြီး Zero Payment စနစ်ကို လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကသာ  ရရှိနေတယ်လို့ အမျိုးသားလွှတ်တော်ကော်မတီက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024