Home
အနုပညာ
စိတ်ခွန်အားဖြစ်စေမည့်  ရော့ခ်အဆိုတော် မျိုးကြီးရဲ့ သီချင်းသစ်- ‘ညီလေး’(ရုပ်သံ)
DVB
·
December 16, 2019
  “လူ့ရဲ့ဘဝက ခဏပါ… မီးတောက်တခုလိုပါ… တနေ့နေ့ကျတော့ ပြာပုံဖြစ်မှာ… ကိုယ်စိုက်ခဲ့ဖူးတဲ့ သမိုင်းတွေသာ… တနေ့ အသီးသီးလာမှာ… မင်းကြောင့် အားလုံးပျော်ပါ စေပေါ့ကွာ” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ‘ညီလေး’အမည်ရတဲ့ သီချင်းသစ် တပုဒ်ထဲက စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။ ဒီသီချင်းကိုတော့ တေးရေး ကနဲက ရေးစပ်ပေးထားခဲ့ပြီး ပရိသတ်အချစ်တော် ရော့ခ်အဆိုတော် မျိုးကြီးက သီဆိုထားတာ ဖြစ်ပါတယ်။ “ဘဝက အနိမ့်အမြင့်ရှိတယ်လေ… နှိမ့်ချတတ်ပါစေ… ဘယ်တော့မှ မရှုံးဘူးကွာ.. . ညီလေးရာ… တနေ့နေ့မင်းအကြောင်းပြောချိန်မှာ လူတွေဝမ်းမြောက်ရစေပါ… ကိုယ့် ရဲ့ သမိုင်းကြောင်း ကိုယ်သာရေးပါ” ရန်ကုန်မြို့ဇာတိ၊ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မျိုးကြီးဟာ ၁၉၉၃ ခုနှစ်မှာ Ghost Roder တေးဂီတအဖွဲ့ရဲ့ လိဒ်ဂစ်တာသမားတယောက်အနေနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ နာမည်ကြီး တေးရေး၊ ဂစ်တာသမားတယောက်ဖြစ်တဲ့ စောဘွဲ့မှူး စတင်တည်ထောင်ခဲ့တဲ့ အိုင်စီအဖွဲ့ထဲကို ရောက်ရှိလာခဲ့ပြီး အဆိုတော်တယောက်အနေနဲ့ သူ့ရဲ့ ပထမဆုံး ဆိုလိုတေးအယ်လ်ဘမ် ‘ကျောက်စာများ’ကို ၁၉၉၇ ခုနှစ်မှာ စ တင်ထွက်ရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတေးအယ်လ်ဘမ်ဟာ ပရိသတ်တွေကြား ထင်သလောက် မရောက်ခဲ့ဘဲ နောက်ထပ် ၁၉၉၈ ခုနှစ်မှာ ထပ်မံထွက်ရှိခဲ့တဲ့ ‘လေပြေ’ကတော့ သူ့ကို ရော့ခ်တေးသံရှင် မျိုးကြီးအဖြစ် ပရိသတ်တွေက သိသွားစေခဲ့ပါတယ်။ ထူးခြားတဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ရှိုးပွဲတွေမှာ ခွန်အားပါပါ သီဆိုလေ့ရှိတဲ့ မျိုးကြီးဟာ ‘အခမ်းနားဆုံး’၊ ‘အပြန်လမ်း’၊ ‘ဆန့်ကျင်ဘက်’၊ ‘နိစ္စဓူဝ’၊ ‘Live In Yangon(1)(2)’၊ ‘ယူလိုက်’၊ ‘ပြောင်းလဲခြင်းများ’ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲတေးအယ်လ်ဘမ်တွေ ဖြစ်တဲ့ ‘95 Myanmar Billboard Top Hits’၊ ‘စောဘွဲ့မှူးအမှတ်တရ(၂)’၊ ‘တို့ရဲ့ချစ်သူများနေ့’၊ ‘ရာစုသစ်’၊ ‘LMN’ စတဲ့ တေးအယ်လ်ဘမ်ပေါင်း များစွာမှာ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ “အောင်မြင်မှု ကြီးကြီးမားမား မရချင်နေပါ… လူတွေကို မင်းကြောင့် မျက်ရည် မကျစေနဲ့ပေါ့ကွာ… ရန်သူတထောင် လဲကျဖို့ မင်း မစွမ်းနိုင်လည်းကွာ… လူတယောက်ကို ဆွဲထူပါ… နောက်ကျောကို ဓားနဲ့ထိုးလည်း ပြုံးပြလိုက်ပါ… အဖေ ဆုံးမစကား အမြဲနားထောင်ပါ ညီလေးရာ… လူတွေရဲ့ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ… အားလုံး ခဏတွေပါ” ခုထွက်ရှိလာတဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ စိတ်ခွန်အားတက်စေမယ့် တေးသွားသံစဉ်တွေနဲ့အတူ မျိုးကြီးက သူကိုယ်တိုင် သီဆိုသရုပ်ဆောင်ထားခဲ့ကာ  ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးပုံဖော်ပေးထားခဲ့ပြီး Tay Than Thar Music ကနေတဆင့် ဖြန့်ချိထားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024