Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ထပ်တိုးကျူးကျော်စာရင်း ကောက်ယူမည်
DVB
·
December 16, 2019
ရန်ကုန်တိုင်းအတွင်းက ထပ်တိုးကျူးကျော်တွေကို စာရင်းထပ်ကောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်လူမှုရေးနှင့်မံခန့်ခွဲရေးကော်မတီက ပြောပါတယ်။   ပထမအကြိမ် စာရင်းကောက်ပြီးသား ကျူးကျော်တွေအပြင် နောက်ထပ် ထပ်တိုးလာတာတွေရှိနေလို့ ဒုတိယအသုတ်အနေနဲ့ စာရင်းထပ်ကောက်မှာဖြစ်ပါတယ်။ ပထမအကြိမ် ကျူးကျော်စာရင်းတွေကိုတော့ ၂၀၁၆ ခုနှစ်က ကောက်ယူခဲ့တာပါ။  ရန်ကုန်မှာ ကျူးကျော်တွေက လျော့ပါးမသွားဘဲ တိုးလာတာက များနေလို့ ပထမအသုတ်ကျူးကျော်တွေ ကိစ္စဖြေရှင်းပြီးရင် စာရင်းထပ်ကောက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောပါတယ်။ ပထမအကြိမ် ကျူးကျော်စာရင်းအရ ကျူးကျော်စမတ်ကတ် ထုတ်ပေးထားတဲ့ ကျူးကျော် အိမ်ထောင်စု စုစုပေါင်း ၁ သိန်းခွဲကျော်ရှိပြီး နောက်ထပ် ထပ်တိုးလာတာတွေနဲ့ဆိုရင် ကျူးကျော် ၂ သိန်းကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အမှန်တကယ်ကျူးကျော်တွေ ရှိသလို မသမာတဲ့ ကျူးကျော်တွေလည်း လက်တွေ့မြင်နေရတယ်လို့ ပထမအသုတ်မှာ စမတ်ကတ်ရထားတဲ့ ကျူးကျော်နေထိုင်သူ မစုလှိုင်မိုးက ပြောပါတယ်။ ပထမအကြိမ်စာရင်းကောက်ပြီး စမတ်ကတ်ထုတ်ပေးထားတဲ့ ကျူးကျော်တွေအတွက် အငှားအိမ်ရာဆောက်ပေးရာမှာလည်း ဗန္ဓုလအငှားအိမ်ရာတခုသာ ဆောက်ပေးနိုင်လို့ လွှတ်တော်ကနေ နောက်ထပ် အငှားအိမ်ရာတွေ ထပ်ဆောက်ပေးဖို့ တိုက်တွန်းမယ်လို့ ဆိုပါတယ်။  ရွှေ့ပြောင်းနေထိုင်တာတွေကို တားဆီးလို့ မဖြစ်နိုင်တာကြောင့် ကျူးကျော်တွေနဲ့ပတ်သက်တဲ့ အစီအမံကို စနစ်တကျ လုပ်ဖို့လိုတယ်လို့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတဦးဖြစ်တဲ့ မဗန်လီဇာအောင်က ပြောပါတယ်၊ လက်ရှိမှာ အစိုးရက အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ပူးပေါင်းပြီး ကျူးကျော် ၆ သောင်းလောက်အတွက် နေအိမ်တည်ဆောက်ပေးဖို့ မြေနေရာချထားပေးတာတွေ လုပ်နေပါတယ်။ အဲ့ဒီစီမံကိန်းကို ရန်ကုန်မြို့ရဲ့ မြို့နယ် ၆ ခုမှာ ကနဦးစီမံချက်အနေနဲ့ စတင်လုပ်ဆောင်နေပါတယ်။ သတင်း- သင်းသင်းဇော် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024