မော်လမြိုင်က ဆရာဝန်သားအဖ ပျောက်ဆုံးမှု ၁၀ ရက်မြောက်နေ့အထိ သဲလွန်စ မရသေး
DVB
·
December 16, 2019
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦး ပျောက်ဆုံးနေမှု ၁၀ ရက်မြောက်နေ့အထိ သဲလွန်စ တစုံတရာ တွေ့ရှိခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဒေါက်တာအေးဇော်ထွန်းနဲ့ အသက် ၃ နှစ်ခွဲအရွယ် သားဖြစ်သူ စသုတမွန်တို့ဟာ ဒီဇင်ဘာ ၅ ရက် ညနေ ၁၀ နာရီခွဲလောက်က မော်လမြိုင် ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်မှာ မိတ်ဆွေသုံးဦးကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး စားသောက်ဆိုင်ကနေ နေအိမ်အပြန်လမ်းမှာ သာအဖနှစ်ဦးအပြင် စီးသွားတဲ့ကားပါ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အခုအခါ သူတို့သားအဖ ပျောက်ဆုံးနေမှုကို ရှာဖွေမှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် သဲလွန်စ တစုံတရာ တွေ့ရှိခြင်း မရှိသေးဘူးလို့ ဒေါက်တာအေးဇော်ထွန်းရဲ့ ယောက်ဖဖြစ်သူ ကိုအောင်သူဟိန်းက ပြောပါတယ်။
CCTV မှတ်တမ်းတွေအရ ဒေါက်တာအေးဇော်ထွန်းဟာ စားသောက်ဆိုင်မှ နေအိမ်အပြန် မော်လမြိုင်မြို့ မြိုင်သာယာ တိုင်းရင်းဆေးရုံအနားအရောက်မှာ စတင် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာအေးဇော်ထွန်းနဲ့ သားဖြစ်သူ ပျောက်ဆုံးမှုကို ရှာဖွေတာတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် ထူးခြားမှု တစုံတရာ မတွေ့ရသေးဘူးလို့ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။