Home
မြန်မာသတင်း
အင်းစိန်မြို့နယ်အတွင်း စည်ပင်ယောင်ဆောင် ငွေကြေးတောင်းခံသူများကို အရေးယူမည်
ဇေယျာချမ်းအေး
·
December 16, 2019
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စည်ပင်ယောင်ဆောင်ပြီး ငွေကြေးတောင်းခံသူတွေကို ဥပဒေနဲ့အညီ တရားစွဲအရေးယူသွားမယ်လို့ အင်းစိန်မြို့နယ်စည်ပင်က ပြောပါတယ်။  ရန်ကုန်တိုင်း အင်းစိန်မြို့နယ်အတွင်း အဆောက်အအုံ ဆောက်တဲ့နေရာတွေမှာ စည်ပင်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေရဲ့ နာမည်ကို သုံးပြီး ငွေကြေးတောင်းခံတာကို စုံစမ်းတွေ့ရှိရတယ်လို့ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။  စည်ပင်ယောင်ဆောင်ပြီး ငွေကြေးတောင်းခံတာကို တွေ့ရင် မြို့နယ်တွင်းနေ ပြည်သူတွေ မြို့နယ်စည်ပင်ကို တိုင်ကြားဖို့၊ ပြစ်မှုကျူးလွန်သူတွေကို ရန်ကုန်စည်ပင်ဥပဒေနဲ့အညီ တရား စွဲအရေးယူသွားမယ်လို့ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်-၁  ဦးလင်းအောင်ဟိန်းက ပြောပါတယ်။ အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ အဆောက်အအုံ ဆောက်ချင်တယ်ဆိုရင် မြို့နယ်စည်ပင်ရုံးကို ကိုယ်တိုင်လာပြီး လျှောက်ထားကြဖို့၊ အရင်အစိုးရတွေ လက်ထက်တုန်းကလို့ လုပ်ရကိုင်ရတာ မခက်ခဲတော့ဘဲ အဆင်ပြေအောင် အမြန်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်-၂ ဦးစိုးလွင်က ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း ၂၉ တားမြစ်ချက်မျာ ပုဒ်မ-၃၁၀(က) မှာ ဘယ်သူမှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီစည်းကမ်းနဲ့အညီ ခွင့်ပြုချက်မရှိဘဲ လူနေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရလို့ ဖော်ပြထားပါတယ်။  အခန်း ၂၉ တားမြစ်ချက်များ ပုဒ်မ ၃၁၄ (က) မှာ ဘယ်သူမှ ကော်မတီက တာဝန်ပေးခြင်းမရှိဘဲ အခွန်အခများ ကောက်ခံခြင်း မပြုရလို့ ဆိုထားပါတယ်။  စည်ပင်ဥပဒေနဲ့ တရားစွဲခံရသူဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ပထမအဆင့်အနေနဲ့ ငွေဒဏ် သုံးသိန်းဖြစ်စေ၊ ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024