ပညာရေးအသုံးစရိတ်ကို ဆန်းစစ်ခြင်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ကျပ်ငွေဘီလီယံ ၂၇၀၀ ခန့်ရှိပြီး ဝန်ကြီးဌာန အသုံးစရိတ်အလိုက် စတုတ္ထနေရာတွင် ရှိနေသည်။ အဆိုပါ ပမာဏသည် ယခင်နှစ်ထက် ကျပ်ငွေဘီလီယံ ၅၀၀ ကျော် ပိုများသည်။ ပြည်ထောင်စုအသုံးစရိတ်တွင် ပါ၀င်မှုရာခိုင်နှုန်းမှာ ၈ ဒသမ ၄၁ ရာခိုင်နှုန်းရှိသည်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ရာခိုင်နှုန်းအရ ၂ ဒသမ ၂၆ ရာခိုင်နှုန်း ရှိပြီး အစိုးရသက်တမ်း နှစ်ခုအတွင်း အမြင့်ဆုံးနှစ်ဟု ဆိုရမည် ဖြစ်သည်။
ပြီးခဲ့သည့် ၉ နှစ်အတွင်း ပြည်ထောင်စု အသုံးစရိတ် မြင့်တက်လာသလို ပညာရေး အသုံးစရိတ်သည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပထမနှစ်တွင် ပညာရေးအသုံးစရိတ်သည် ကျပ်ငွေဘီလီယံ ၃၁၀ သာ ရှိခဲ့သည်။ တစ်နိုင်ငံလုံး အသုံးစရိတ်မှ ပညာရေးအသုံးစရိတ် ရာခိုင်နှုန်းသည် ၃ ဒသမ ၈၄ ရာခိုင်နှုန်းရှိပြီး (GDP) ရာခိုင်နှုန်းသည် ဝ ဒသမ ၆၇ ရာခိုင်နှုန်းသာရှိသည်။ အစိုးရသက်တမ်း နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ် ငွေပမာဏသည် ပထမနှစ်ထက် ၄ ဆခွဲထိ မြင့်တက်လာခဲ့သည်။ သို့သော် GDP ရာခိုင်နှုန်းအားဖြင့် ၂ ရာခိုင်နှုန်းပင် မပြည့်ပေ။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ သို့သော်လည်း UNESCO ကဦးဆောင်သည့် The Muscat Agreement (2014) တွင် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိသုံးစွဲရန် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနက သဘောတူညီပြီး ဖြစ်သော်လည်း ယင်းအမျိုးသားပညာရေး ဥပဒေ အခန်း (၁၂)၊ ဘဏ္ဍာရေးအပိုင်းတွင် ပညာရေး အသုံးစရိတ်နှင့်ပတ်သက်ပြီး မည်မျှခွဲဝေသုံးစွဲရမည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိခဲ့ပေ။ ထို့နောက် ဒီမိုကရေစီပညာရေးသပိတ် ပေါ်ပေါက်လာခဲ့ပြီး အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများ ရှိခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် ၂၀၁၅ ဇွန်လတွင် ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အသုံးစရိတ် အားလုံး၏ ၂၀ ရာခိုင်နှုန်းထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရမည်ဟု အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၌ ကျင်းပသည့် ကမ္ဘာ့ပညာရေးညီလာခံကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆၀မှ ပညာရေးဝန်ကြီးများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှလူ ၁၆၀၀ ကျော်တက်ရောက်ခဲ့ကြပြီး အဆိုပါ ညီလာခံမှ အင်ချွန်းကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာစာတမ်းတွင်လည်း ပညာရေး အသုံးစရိတ်နှင့်ပတ်သက်ပြီး GDP ၏ ၄ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်း (သို့မဟုတ်) တနိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်း မှ ၂၀ရာခိုင်နှုန်းအထိ သုံးစွဲရန် ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီး ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက် ၁၇ ချက်မှ နံပါတ် ၄ အချက်ဖြစ်သည့် အရည်အသွေးရှိသော ပညာရေးကို လူတိုင်းအကျုံးဝင်စွာ သာတူညီမျှ တစ်သက်တာလုံး သင်ယူနိုင်ခွင့်ရှိစေရေးဖြစ်ပြီး အဆိုပါရည်မှန်းချက် အောင်မြင်ရန်အတွက် ပညာရေးအသုံးစရိတ်ကို တိုး မြှင့်သုံးစွဲရမည်ဟု ပါရှိသည်။ ထို့နောက် ၂၀၁၆ခုနှစ်၊ ဧပြီလတွင် အစိုးရတာဝန်ကို စတင်တာဝန်ထမ်းဆောင်သည့် NLD အစိုးရလက်ထက်တွင် ဝန်ကြီး ဌာနများကို ပူးပေါင်းဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ပေါင်းပြီး ပညာရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ NLD အစိုးရ စီမံန့်ခွဲသည့် ဘဏ္ဍာရေးနှစ်များအတွင်း ပညာရေးအတွက် အသုံးစရိတ်များကို သိသိသာသာ တိုးမြှင့်ပေးခဲ့သည်။ သို့သော် ပြည်ထောင်စု အသုံးစရိတ် ရာခိုင်နှုန်းအရ ဆိုလျှင် ၉ ရာခိုင်နှုန်းပင် မပြည့်သေးသလို GDP ရာခိုင်နှုန်းအားဖြင့်လည်း ၃ ရာခိုင်နှုန်းပင် မပြည့်မီသေးပေ။
မြန်မာနိုင်ငံသည် ပညာရေး အသုံးစရိတ်နှင့်ပတ်သက်ပြီး နိုင်ငံတကာ ကြေညာစာတမ်းနှင့် ပြည်တွင်း၌ အတည်ပြုထားသည့် ဥပဒေဖော်ပြချက်ကို တဝက်အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင်သာ ရှိနေသေးသည်ဟု ဆိုနိုင်ပါသည်။ ပညာရေးအသုံးစရိတ် အသေးစိတ်ကို အောက်ပါ Dashboard တွင် Click နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။ ရင်းမြစ်- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန/ နိုင်ငံသားတွေအတွက် ဘတ်ဂျတ် (Citizen’s Budget)   အိရွှေဖြူ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up