Home
မြန်မာသတင်း
စစ်ဘေးသင့် ကလေးများအတွက် ဖွင့်ထားသည့် ပန်းပျိုးလက် ဘော်ဒါဆောင် အကူအညီ လိုအပ်နေ 
DVB
·
December 16, 2019
စစ်ဘေးစစ်ဒဏ်သင့်လို့ ဆင်းရဲဒုက္ခရောက်နေတဲ့ လူမျိုးပေါင်းစုံ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ ဖွင့်လှစ်ထားတဲ့  ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက ပန်းပျိုးလက် ပရဟိတဘော်ဒါဆောင်မှာ စားနပ်ရိက္ခာတွေ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။ အစိုးရ ထောက်ပံ့မှုမရှိတဲ့ နောင်ထောဝ် ပန်းပျိုးလက် ပရဟိတဘော်ဒါဆောင်ဟာ ကလေးတွေ ပိုမိုများပြားလာတာကြောင့် နေ့စဉ် အစားအသောက်အတွက် အခက်အခဲ ကြုံနေရတာလို့  ဘော်ဒါဆောင် တာဝန်ခံ ဒေါ်အေးမိက ပြောပါတယ်။ ပြည်တွင်း ပြည်ပက အန်ဂျီအိုနဲ့ အိုင်အန်ဂျီအိုတွေကလည်း လာရောက်ကူညီထောက်ပံ့မှု မရှိသလို အစိုးရဘက်က ကူညီပေးမှုလည်း မရှိတဲ့အတွက် ငွေရေးကြေးရေး မပြည့်စုံတာ၊ ကလေးတွေ များလာတဲ့အတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိတာနဲ့ အစားအသောက် ခက်ခဲတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။  ရှမ်း-ကယား နယ်စပ် ပွန်ချောင်းအရှေ့ဘက်ရှိ မောက်မယ်မြို့နယ်အတွင်း စစ်ဘေးဒဏ်သင့် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့အတွက် ငြိမ်းချမ်းရေးယူထားတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)က ၂၀၁၂ ခုနှစ်စပြီး ပန်းပျိုးလက် ပရဟိတ ဘော်ဒါဆောင်ကို တည်ထောင်တာ ဖြစ်ပါတယ်။ ဘော်ဒါဆောင် စတင်တည်ထောင်စဉ်ကတည်းက ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)က ပုံမှန် လစဉ်ထောက်ပံ့ပေးမှုအပါအဝင် စေတနာရှင်တချို့ဆီက ရတဲ့ အကူအညီတွေနဲ့ ဆက်လက်ရပ်တည်နေရပေမယ့် လုံလောက်မှု မရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိ ဘော်ဒါဆောင်အတွင်းမှာ ညစာကျက်ဝိုင်းသာရှိပြီး အတန်းကျောင်းကိုတော့ နောင်ထောဝ် အထက်တန်းကျောင်းမှာ သွားရောက်ပညာသင်ယူနေရတာပါ။ ဘော်ဒါ စတင်တည်ထောင်စဉ်က ကလေး ၁၀ ယောက်ကျော်သာ ရှိခဲ့ပေမယ့် တနှစ်ထက် တနှစ် တိုးလာကာ အခုဆိုရင် ကျောင်းသူ ကျောင်းသားပေါင်း  ၁၂၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024