ဘူးသီးတောင် အန်အယ်လ်ဒီ ဥက္ကဋ္ဌကို ဆက်လက်ထိန်းသိမ်းထားမည်ဟု အေအေပြော
ဝဏ္ဏခွာညို
·
December 15, 2019
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို စစ်ဆေးစရာရှိတာကြောင့် ပြန်မလွှတ်ပေးသေးဘဲ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ရက္ခိုင့်တပ်မတော် အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုပါတယ်။
“ရခိုင်ဒေသမှာ ဗမာစစ်တပ်က စစ်ရာဇဝတ်မျိုးစုံ ကျူးလွန်နေတဲ့ကာလမှာ အဲ့ဒီ NLD ဥက္ကဋ္ဌဆိုတဲ့သူကနေပြီးတော့ စစ်ရာဇာဝတ်မှုတွေ ကျူးလွန်ထားတဲ့သူတွေကို ထောက်ခံတဲ့ ထောက်ခံပွဲလုပ်ဖို့အတွက် လုပ်တဲ့ဥစ္စာကိုတော့ ကျနော်တို့ဘက်က ဘယ်လိုမှသဘောမတူနိုင်ဘူးပေါ့။ အဲ့ဒါကြောင့်မို့ သူ့ကို ကျနော်တို့ စစ်ဆေးစရာတွေရှိတဲ့အတွက် လောလောဆယ်ထိန်းသိမ်းထားတာရှိတယ်။”
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကို ဘယ်အချိန်ပြန်လွှတ်ပေးဆိုတာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဘူးသီးတောင်မြို့မှာ ပြုလုပ်ဖို့စီစဉ်နေစဉ်မှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာပါ။
ဒီဇင်ဘာ ၁၁ ရက်နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ပြင်ရှည် ကျေးရွာကို သွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာခြင်း ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။
NLD ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က “သူတို့ကတိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ လူတွေဖြစ်တယ်။ ပြည်သူတွေမှာ ဘဝလုံခြုံမှုမ ရှိတာက ဒီဖမ်းဆီးခံရမှုကပြနေတယ်။ ဒီပြဿာနာရဲ့အရင်းအမြစ်ကို ကျနော်တို့က ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခလို့မြင်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အားလုံး က ဆောင်ရွက်ကြဖို့ အရေးကြီးလာပြီ”လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဖမ်းဆီး ထိန်းသိမ်းခံထားရတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကြေညာချက်တစောင်ကိုလည်း ဒီရက်ပိုင်းအတွင်း ထုတ်ပြန်သွားမယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
နိုဝင်ဘာ ၃ ရက်ကလည်း ရက္ခိုင့်တပ်မတော်အေအေကနေ NLD ပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးဝှေ့တင်းကို ကျောက်တော်မြို့နယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ အခုအချိန်ထိပြန်လွှတ်ပေးတာ မရှိသေးပါဘူး။