Home
မြန်မာသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်းက အလုပ်သမားများ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်မှု ပိုများလာ
DVB
·
December 14, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်းက အလုပ်သမားတွေဟာ တရုတ်နိုင်ငံကို ရွှေ့ပြောင်းသွားလာ လုပ်ကိုင်တာ အရင်ကထက် ပိုမိုများပြားလာတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။ အလုပ်အကိုင်နဲ့ လုပ်ခလစာ စိန်ခေါ်မှုတို့ကြောင့် တရုတ်ပြည်ကို ရွှေ့ပြောင်းလုပ်ကိုင်လာတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက အလုပ်သမားတွေ အရင်ထက် များပြားလာနေပါတယ်။  အရင်နှစ်တွေက အလုပ်သမား ၂၀၀ ကျော်လောက် နှစ်စဉ် သွားရောက်ကြပေမယ့် ဒီနှစ်မှာတော့ ၂၀၀၀ လောက် သွားရောက်ကြတယ်လို့  ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။  တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်မှု အများဆုံးက ဒေသခံတိုင်းရင်းသားတွေ များပြားပြီး အဓိကတော့ အထူးဒေသ ၄ မိုင်းလားက သွားရောက်မှုများတယ်လို့   ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်တပ်ဖွဲ့မှူး ဦးဝင်းမြတ်က နေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာ နေထိုင်သူများအရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူတွေဟာ တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ အထူးဒေသ ၄ မိုင်းလား ဧရိယာအတွင်းက ရာသီ သီးနှံစိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ သွားရော က်အလုပ်လုပ်ကိုင်ရာက တဖက်နိုင်ငံအတွင်းက မျိုးနွယ်စုတူ တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ပြီး တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်ကြတာပါ။ အရင်တုန်းက ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ကြပေမယ့် ၂၀၁၇-၂၀၁၈ နောက်ပိုင်း လုပ်ခလစာ ပိုမိုများပြားတဲ့ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာပြီး များသောအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတာများတယ်လို့  ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဒေါ်စုစုသင်းက ပြောပါတယ်။ တရုတ်နိုင်ငံကို ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှုတွေ မြင့်တက်လာတာနဲ့အမျှ လုပ်အားခပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ရှိနေတဲ့အပြင် လူကုန်ကူးမှုတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။ လူကုန်ကူးမှုတွေမှာ ဒေသခံ မြန်မာနိုင်ငံသားတွေအပြင် ထိုင်းနိုင်ငံသားတွေလည်း လူကုန်ကူးခံရမှုတွေ ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနိုမ်နင်းရေးရဲတပ်ဖွဲ့နဲ့ အထူး-၄ မိုင်းလားတပ်ဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုတွေကို ဖော်ထုတ်ဆောင်ရွက်ခဲ့တာ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမှု ၉ မှုရှိခဲ့ပြီး တာချီလိတ်က ၄ မှု၊ ကျိုင်းတုံက ၅ မှု ရှိပါတယ်။ ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024