နေပြည်တော်နှင့်ပြည်နယ်တိုင်း ၇ ခုတွင် ဆင်ခြေထောက်ရောဂါကူးစက်မှု ဆက်ရှိနေ
DVB
·
December 14, 2019
နေပြည်တော်အပါအဝင်ပြည်နယ်နဲ့တိုင်း ၇ ခုမှာ ဆင်ခြေထောက်ရောဂါကူးစက်တာ ရှိနေသေးတာကြောင့် လာမယ့်နှစ်မှာ ဆေးတိုက်ဦးမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆိုပါတယ်။
၂၀၁၉ စက်တင်ဘာနဲ့ အောက်တိုဘာတွေအတွင်း ခရိုင် ၂၀ မှာ ဆင်ခြေထောက်ရောဂါ ကူးစက်တာ ရှိ၊မရှိ ဆန်းစစ်ရာမှာ ခရိုင် ၂၀ လုံး အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုဆိုရင် စုစုပေါင်းခရိုင် ၃၀ မှာ လူ ၁၀၀၀ မှာ ဆင်ခြေထောက်ရောဂါပိုးရှိသူ ၁ ယောက် ထက်ပိုပြီး လျော့နည်းလာပြီဖြစ်လို့ ဆေးတိုက်ကျွေးတဲ့လုပ်ငန်းကို အောင်အောင်မြင်မြင် ရပ်ဆိုင်းနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။
ကချင်၊မွန်နဲ့ရခိုင်ပြည်နယ်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေး တိုင်းထဲက ခရိုင် ၃၀ မှာ ကူးစက်မှု မရှိသလောက်ဖြစ်သွားတာပါ။
ရောဂါကူးစက်နေသေးတာကတော့ နေပြည်တော်က ဒက္ခိဏသီရိခရိုင်၊ ဥတ္တရသီရိခရိုင်၊ မကွေးတိုင်းက မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ပဲခူးတိုင်းက ပြည်ခရိုင်၊ စစ်ကိုင်းတိုင်းက စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ တနင်္သာရီတိုင်းက မြိတ်ခရိုင်၊ မန္တလေးတိုင်းက ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နဲ့ ရခိုင်ပြည်နယ်က စစ်တွေခရိုင်တို့ ဖြစ်ပါတယ်။
ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးတာကို ၂၀၀၁ ခုနှစ်ကစလို့ မကွေးတိုင်း ထဲက မင်းဘူးနဲ့ သရက်ခရိုင်တွေမှာလုပ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့တိုက်ကျွေးလာခဲ့တာ ဖြစ်ပါတယ်။