Home
အနုပညာ
ရော့ခ်သီချင်းနှင့်ပေါက်ကွဲပြီး နှုတ်ဆက်အိမ်ပြန်ခဲ့သည့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ယောကီး (ရုပ်သံ)
DVB
·
December 14, 2019
သတ္တမမြောက် သီတင်းပတ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ချင်းတိုင်းရင်းသားလေး ယောကီးက နှုတ်ဆက် အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ Top Finalists ၁၁ ဦးနဲ့ စတင်ခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 ရဲ့ ယှဉ်ပြိုင်မှုဟာ သီတင်းပတ် ၇ ပတ်ကို ဖြတ်ကျော်ခဲ့ပြီးချိန်မှာတော့ လတ်တလော ပြိုင်ပွဲဝင် ၄ ယောက်သာ ကျန်ရှိနေပါတော့တယ်။ ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံး သီတင်းပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။ ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။ စတုတ္ထမြောက် ကန်းထရီး သီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။ တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန်မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာ ဒေါ့သ်ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။ သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံး တယောက်ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာပါ။ ပဉ္စမမြောက် သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာ ပေါက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ထက်အဉ္ဇလီ က နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဆဋ္ဌမမြောက် သီတင်းပတ်အဖြစ် ပြိုင်ပွဲဝင် ၆ ယောက်ရဲ့ ဟေမာန်ဆောင်းသီချင်း တွေနဲ့ Result Show ညမှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည်ကြီးပြိုင်ပွဲဝင် အက်စတာ၊ ယောကီးနဲ့ နော်စေးစေးထူးတို့ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ ဖြစ်သွားခဲ့တာပါ။ မနေ့က သတ္တမမြောက်သီတင်းပတ်ရဲ့ Result Shjow ညမှာတော့ Bottom 3 မှာ တိုက်ဆိုင်စွာပဲ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် ၃ ယောက်ဖြစ်ကြတဲ့ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ယောကီးတို့ ထိုင်ခဲ့ကြပြီး နောက်ထပ် ထူးခြားတာကတော့ ဘင်ဂျမင်ဟာ Bottom 3 မှာ ပထမဆုံး ထိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပထမဆုံး နောက်တဆင့် တက်ရောက်သွားခဲ့သူကို ကြေညာရာမှာတော့ ဘင်ဂျမင်က Top 4 အဆင့်ကို ပါသွားခဲ့ပြီး နောက်တယောက်ကို ထပ်မံကြေညာရာမှာတော့ အက်စတာက တက်ရောက်သွားခဲ့တာမို့ ယောကီးက နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ အဲဒီနောက် ဒိုင်တွေက သူ့ကို အမှတ်တရစကားတွေ ပြောခဲ့ပြီး နှုတ်ဆက်သီချင်း တပုဒ်နဲ့ သီဆိုရချိန်မှာတော့ ရော့ခ်သီချင်းတပုဒ်ဖြစ်တဲ့ ကျောက်စာများသီချင်းနဲ့ သီဆို ပေါက်ကွဲခဲ့တာပါ။ Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။ လတ်တလောမှာတော့ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၄ ဦးဖြစ်ကြတဲ့ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က ဆက်လက် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။ အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024