Homeမြန်မာသတင်း
မင်းပြားမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတဦး ဈာပန ဒေသခံထောင်ချီ ပို့ဆောင်
မင်းပြားမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတဦး ဈာပန ဒေသခံထောင်ချီ ပို့ဆောင်
ဝဏ္ဏခွာညို
·
December 13, 2019
ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ကျေးရွာခံအမျိုးသမီးတဦးတို့ရဲ့ ဈာပနကို ဒီနေ့ နေ့လယ်ပိုင်းက ဒေသခံထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပြီး မင်းပြားသုဿာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
သေဆုံးသွားသူတွေဟာ စိတ္တရကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း ၄၂ နှစ်နဲ့ ၃၉ နှစ်အရွယ်ရှိတဲ့ စိတ္တရကျေးရွာက ဒေါ်ဖြူဖြူဝင်းတို့ဖြစ်ကြပြီး ဒေသခံ ၂၀၀၀ ကျော်က ရေဝေးသုဿာန်ကို လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော် စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ပြောပါတယ်။
ဒါ့ပြင့် တပ်မတော်စစ်သားတွေက ရွာအတွင်းပစ်ခတ်မှုတွေလုပ်ခဲ့ပြီးနောက်မှာ စိတ္တရာကျေးရွာက ကျေးရွာသား ၈ ယောက်ကို ခေါ်ဆောင်သွားခဲ့ပြီး အဲ့ဒီထဲမှာ ကျည်ထိဒဏ်ရာရရှိထားတဲ့ လူတယောက်ပါသွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေက ပြောဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံအမျိုးသမီးတို့ အသတ်ခံရမှုနဲ့ပတ်သက်လို့ ကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေက ဒီဇင်ဘာ ၁၂ ရက်န့က မင်းပြားမြို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသလို မိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင် အပင်ရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲမှူးချုပ်နယ်တော်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ကို တိုင်ကြားထားပါတယ်။
စိတ္တရကျေးရွာက ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်ရာမှာ သူ့အနေနဲ့ ခရီးထွက်နေတာ တပတ်လောက်ရှိနေပြီ ဖြစ်တာကြောင့် အဲ့ဒါတွေ အဆက်အသွယ်ပြတ်နေလို့ အတိအကျမသိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။
ဒါ့အပြင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။