Home
မြန်မာသတင်း
ပုံနှိပ်သတင်းစာများ ဆက်ရပ်တည်နိုင်ရေး ပြန်ကြားရေးနှင့်မီဒီယာလုပ်ငန်းရှင်များ ဆွေးနွေးမည်
ဇေယျာချမ်းအေး
·
December 13, 2019
ပုံနှိပ်သတင်းစာတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးနဲ့ မီဒီယာလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။  အန်အယ်လ်ဒီအစိုးရတက်လာပြီးနောက်ပိုင်း ဒစ်ဂျစ်တယ်မီဒီယာတွေ အားကောင်းလာတာနဲ့အတူ ပုံနှိပ်သတင်းစာ ဂျာနယ်တွေဟာ အရှုံးပေါ်ပြီး ဆက်တိုက်ရပ်ဆိုင်းနေရတာပါ။  ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ နေ့စဉ်ထုတ် သတင်းစာအစောင် ၃၀ အထိ ထုတ်ဝေခွင့်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ ပုဂ္ဂလိကသတင်းစာ ၆ စောင်ပဲ ပုံနှိပ်ထုတ်ဝေနိုင်ပါတော့တယ်။  ဒီမိုကရေစီနိုင်ငံရေးမှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းစာတွေ ရှင်သန်ရေးဟာ အရေးပါတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ မီဒီယာလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က  ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံပြီးနောက် လွှတ်တော်မှာ သတင်းရယူခွင့် ပိုလွတ်လပ်အားကောင်းလာဖို့ သတင်းမီဒီယာကောင်စီနဲ့ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ ပြည်တွင်းသတင်းလောကမှာသာမက အရှေ့တောင်အာရှသတင်း မီဒီယာကောင်စီမှာပါ ပါဝင်ပြီး သတင်းလွတ်လပ်ခွင့်အတွက်ဆောင်ရွက်နိုင်ဖို့ကြိုးစားနေပါတယ်။  ဒီဇင်ဘာလဆန်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီဖွဲ့စည်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံကိုယ်စားလှယ်က ကောင်စီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပြီး မြန်မာနိုင်ငံက ဟံသာဝတီဦးအုန်းကြိုင်ကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024