မူးယစ်မှုဖြင့် သိမ်းဆည်းထားသည့် ယာဉ်အတွင်းမှ စိတ်ကြွဆေးများ ထပ်မံတွေ့ရှိ
DVB
·
December 13, 2019
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့မှာ မနေ့ညနေပိုင်းက မူးယစ်မှုနဲ့ သိမ်းဆည်းထားတဲ့ ယာဉ်အတွင်းက စိတ်ကြွဆေးပြား ၁ သိန်းလောက် ထပ်မံသိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မိုင်းပန်းမြို့ ရဲစခန်းက ဒီဇင်ဘာလ ၈ ရက်နေ့မှာ စိုင်းစွမ်ဟန် မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာတဲ့ 6J/×××× Mitsubishi Triton ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၁၅၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းထားတဲ့ အဆိုပါ သက်သေခံယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဦးစီးတဲ့ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ အသေးစိတ်ထပ်မံစစ်ဆေးရှာဖွေရာ ယာဉ်မောင်း ထိုင်ခုံအောက်ရှိ အံဝှက်အတွင်း ကပ်ခွာအိတ်တဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၉၆၀၀၀ ပြားအား ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စိုင်းစွမ်ဟန်နှင့် စိုင်းနော်ခမ်း(ဖမ်းမိ) တို့ ၂ ဦး အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ ထပ်မံ အရေးယူထားတယ်လို့ သိရပါတယ်။