Home
မြန်မာသတင်း
ကယားတောင်သူ  ၁၀ ဦး ထပ်မံတရားစွဲခံရ
နော်နိုရင်း
·
December 13, 2019
ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ယောက်အပါအဝင် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာက တောင်သူလယ်သမား ၁၀ ယောက်ကို တပ်မတော်က ပုဒ်မ ၄၄၇ နဲ့ ဒီကနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။  ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ခွန်းလားဘွယ်မူး၊ ခွန်းကောရီယို နဲ့ မောင်လွင်၊ ဒေါမူကလားကျေးရွာက တောင်သူ ၇ ဦးတို့ကို ဒီကနေ့ ပုဒ်မ ၄၄၇ နဲ့ ထပ်မံတရားစွဲလိုက်တာလို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။ “ဒီ ၁၀ ယောက်က ကျနော်တို့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂဝန်ထမ်း ၃ ဦးပါတယ်။ ကျေးရွာက ၇ ဦးပါတယ်ပေါ့။ အဟောင်းက တဦးပါတယ်ပေါ့။ ဒီနေ့မှာပဲ ထပ်ပြီးတော့ စွဲလိုက်တာ။ ပုဒ်မက ၄၄၇ပေါ့။” ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်း မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူ အခုဆိုရင် ၄၁ ဦးအထိ တိုးလာခဲ့တာဖြစ်ပါတယ်။  တောင်သူတွေကို ကယားပြည်နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၅၀ နဲ့ အမြောက်တပ်ရင်း ၃၆၀ က  တရားစွဲဆိုတာဖြစ်ပြီး တောင်သူတချို့က လယ်မြေလုပ်ပိုင်ခွင့် ပုံစံ (၇) ပိုင်ဆိုင်ထားပါတယ်။ ဒီလိုတောင်သူအရေး လှုပ်ရှားသူတွေအပါအဝင် နောက်ထပ်တောင်သူတွေကို တရားစွဲဆိုတဲ့အပေါ်မှာလည်း ခူးတူရယ်က “အခုလို ပုဒ်မတွေ စွဲဆိုမှုတွေဟာ တောင်သူလယ်သမားတွေ သူတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို အစိုးရတွေသိမှာ မလိုလားတာလား။ သို့မဟုတ် ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို မတရားဘူးလို့ သူတို့သတ်မှတ်ပြီးတော့ တရားစွဲတာလားဆိုတာ ပြောရခက်တယ်။ ဒါပေမယ့် အခုလို တောင်သူလယ်သမားတွေရဲ့ ဘဝရပ်တည်မှု ခက်ခဲအောင် လုပ်တာတို့၊ ခြိမ်းခြောက်တာတို့ ပုဒ်မတခုပြီးတခု တပ်ပြီးတော့ ခြိမ်းခြောက်နေတာကလည်း ဒါက ဌာနေတိုင်းရင်းသားလူမျိုးတွေကို နှိပ်ကွပ်နေတာပဲပေါ့။ ” လို့ ပြောပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေအတွင်း မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူ ၄၁ ဦးထဲက ၁၂ ဦးမှာတော့ ထောင်တွင်း ဖမ်းဆီးတရားစွဲဆိုခံနေရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024