ပြည်တွင်းစစ်ရပ်တန့်ရန် ဂျပန်ရောက် တိုင်းရင်းသားများ ဆန္ဒပြ
ဇော်ဇော်လှိုင်
·
December 13, 2019
နှစ် ၇၀ ကြာပြည်တွင်းစစ်ရပ်တန့်ပေးဖို့နဲ့ တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပေးဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာတချို့က တောင်းဆို ဆန္ဒပြကြပါတယ်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (အေယူအန်)က ဦး ဆောင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အေယူအန်ဂျပန်ရဲ့ တာဝန်ခံ မိုင်ကျော်ဦးက “တိုင်းရင်းသားဒေသတွေမှာ အနှစ်ခုနစ်ဆယ်ကျော်ကြာခံစားနေရတဲ့ အကြမ်းဖက်မှုတွေ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့နဲ့ နိုင်ငံတော်အနေနဲ့ အဓိကထားဆောင်ရွတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
တောင်းဆိုပွဲကို ဂျပန်ရောက် တိုင်းရင်းသား ၁၀၀ လောက်နဲ့ နဂိုယာအပါအဝင် ချီးဘားနဲ့ ဆိုင်တမ ခရိုင်က မြန်မာတချို့လည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။