တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်အပါအဝင် ၃ ဦးကို တရားရုံးက သမ္မာန်စာပေးပို့
အာကာ
·
December 13, 2019
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ ကဗျာဆရာစောဝေတို့ကို တပ်မတော်က စွဲဆိုထားတဲ့ အမှုအတွက် ကော့သောင်းမြို့နယ်တရားရုံးက သမ္မာန်စာ ပို့လိုက်ပြီဖြစ်ပါတယ်။
အဆိုပါ ပုဂ္ဂိုလ် ၃ ဦးကို ဧပြီလက ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဟောပြောပွဲမှာ ပြောဆိုခဲ့တဲ့အချက်အလက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ်ဆိုပြီး တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးမှာ စွဲဆိုထားတာပါ။
လက်ရှိမှာ သမ္မာန်စာရောက်လာပြီဖြစ်တဲ့အတွက် ၂ ပတ်အတွင်း အမှုသွားရောက်ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
တပ်မတော်က တရားစွဲဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) အရ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်နေတဲ့အတွက် တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အမှုအမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၃၁ ဖွဲ့က ပူးတွဲတောင်းဆိုထားပါတယ်။