ကျားဖောင်ဦးစီးသေဆုံးသွားသော်လည်း အမှုပိတ်သိမ်းမည်မဟုတ်ဟု ရှေ့နေပြော
စိုးမိုးအောင်
·
December 13, 2019
ဒဂုံတက္ကသိုလ်ကျောင်းသားကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖောင်ဦးစီးသေဆုံးသွားပေမယ့် အမှုကပိတ်မသွားဘူးလို့ ကိုမြတ်သူရထွန်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ဖျာပုံမြို့နယ်က ပင်လယ်ကျားဖောင်မှာ လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားအမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မှာဖြစ်သလို ဖောင်ဦးစီးသေဆုံးသွားပေမယ့် အမှုပိတ်မသွားဘူးလို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
“တယောက်ဆုံးသွားတယ်ကြားတယ်လေသိလား။ တယောက်ဆုံးသွားလည်း အမှုက ပိတ်မသွားဘူး။ အမှုက ရှေ့ကိုဆက်သွားမှာပဲ”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖောင်ဦးစီး ကျော်အောင်ဟာ ဒီဇင်ဘာ ၈ ရက် မနက်က အဖမ်းခံနေရစဉ်အတွင်း သေဆုံးခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ အမှုစစ်ဆေးဖို့ ရှိနေပါတယ်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ ကိုမြတ်သူရထွန်းကို အောက်တိုဘာမှာ ဒလမြို့နယ်က လူပွဲစားတွေက ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာမှာရှိတဲ့ ပင်လယ်ကျားဖောင်မှာ ရောင်းစားခဲ့ပြီး ဖောင်ဦးစီးရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရတာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပါဝင်ပတ်သက်သူ ၁၉ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဖျာပုံမြို့နယ် ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းမှာ အခုနှစ်အတွင်းလူပျောက်ဆုံးသူ ၁၄၆ ဦးရှိသလို၊ သေဆုံးမှု ၁၈ မှုနဲ့ လူသတ်မှု ၈ မှုဖြစ်ပွားခဲ့ပါတယ်။