ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် ကွန်ကရစ်တံတား ကား ၁ စီးနှင့်အတူ ကျိုးကျ
နန်းမြနဒီ
·
December 13, 2019
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ထဲက နှစ်လမ်းသွား ကွန်ကရစ်ခင်းတံတားတစ်စင်းဟာ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက မော်တော်ကားတစ်စီးနဲ့အတူ ကျိုးကျပျက်စီးသွားပါတယ်။
အဆိုပါတံတားမှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး- တန့်ယန်း - မိုင်းရယ်သွားလမ်း နမ့်တုန်းကျေးရွာထဲမှာတည်ရှိပြီး တံတားအောက်မှာရေတိုက်စားမှုဖြစ်လို့ ကျိုးကျသွားခဲ့တာလို့ မိုင်းရယ်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ဒီဗွီဘီကို ပြောပါတယ်။
“တံတားကျိုးရတဲ့ အကြောင်းက မိုးရွာလို့ တံတားအောက်မှာ ရေတွေပြည့်ပြီး မြေကြီးတွေကိုတိုက်စားသွားတယ်။ အောက်ကမြေသားမခိုင်လို့ ကျိုးကျတယ်လို့ သက်ဆိုင်ရာကပြောပါတယ်။ ဟိုင်းဂျက်ကားငယ်တစ်စီးလည်း ပြုတ်ကျသွားတယ်။ ကားမောင်းသမားကတော့ နည်းနည်းဒဏ်ရာရသွားတယ်တဲ့”
အဆိုပါတံတားဟာ အရှည်ပေ ၃၀ ကျော်လောက်ရှိတဲ့ နှစ်လမ်းသွား တံတားဖြစ်ကြောင်း ၊ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ပေးတဲ့ အရေးကြီး တဲ့တံတားတစ်စင်းလည်း ဖြစ်ကာ လမ်းတံတားအင်ဂျင်နီယာဌာနက လာဆောက်ပေးတာ ၁၀ နှစ်မပြည့်သေးဘူးလို့ သိရပါတယ် ။
လောလောဆယ် သက်ဆိုင်ရာက တံတားကို ရက်ပိုင်းအတွင်း ပြီးသွားအောင် ပြင်ဆင်ဆောက်လုပ်ပေးနေပြီး ယာယီဘေလီတံတားထိုးပေးထားပေမယ့် ကုန်တင်ကားကြီးတွေ သွားလာလို့တော့ မရသေးပါဘူး။