ကချင်ပြည်နယ် မြစ်ကြီးနားဆေးရုံဝင်းတွင် မီးလောင်မှုဖြစ်ပွား
နန်းမြနဒီ
·
February 6, 2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်က ပြည်သူ့ဆေးရုံဝင်းထဲမှာ ဒီနေ့ မနက် စောစော ၄ နာရီ ကျော်လောက်က ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ၀န်ထမ်းအိမ်ရာ ၂ ခန်း မီးထဲ ပါသွားတယ်လို့ မြစ်ကြီးနားမြို့နယ် မီးသတ်ဌာန တာဝန်မှူး ဦးမောင်မောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ချက်ချင်းရောက်ပါတယ်။ မီးလောင်ချိန်က မိနစ် ၂၀ လောက် ကြာတယ်။ ၀န်ထမ်းလိုင်း ၆ ခန်းတွဲ ၁ ခန်းနဲ့၊ ၄ ခန်းတွဲ ၁ ခန်းပါ။ ၀ါယာကြိုးတွေ ဆွေးမြေ့ရာက အပူလွန်ကဲမီးလောင်တာပါ။ အိမ်ရာတွေက ဟောင်းနေပြီလေ။”
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တဦးတယောက်မှ မရှိပေမယ့်လည်း ဆေးရုံဝန်ထမ်းတွေရဲ့ အိမ်ထောင်ပရိဘောဂတချို့ ပျက်စီးဆုံးရှူံးခဲ့ပါတယ်။ အိမ်ခန်းနဲ့ ပစ္စည်းပါ ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၇ သိန်း လောက်ရှိမယ်လို့လည်း ဦးမောင်မောင်က ခန့်မှန်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းကလည်း မြစ်ကြီးနားလေယာဉ်ကွင်းထဲမှာ ရှိတဲ့ ၀န်ထမ်းအိမ်ရာ အိမ်ခန်းတွဲတခု ၀ါယာရှော့ဖြစ်ပြီး လောင်ကျွမ်းခဲ့ပါသေးတယ်။