ယူနိုက်တက်ပစ်မှတ် ဟာလန်း အပြောင်းအရွှေ့အတွက် ဒေါ့မွန်ကို သွားရောက်ခဲ့ဟု သတင်းထွက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ အာလင် ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ဂျာမာနီကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။  အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးဟာ အခုသီရာမှာ ရဒ်ဘူးလ် ဆဲလ်ဘတ်အသင်းအတွက် အထူးခြေစွမ်းပြနေသူဖြစ်ပြီး ဥရောပထိပ်တန်းကလပ်အသင်း အတော်များများက မျက်စိကျနေတာပါ။ ဟာလန်းဟာ ဆဲလ်ဘတ်အသင်းအတွက် ၂၂ ပွဲကစားပြီး  ၂၈ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ကာ ယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်စတဲ့ အသင်းတသင်းကို ရောက်ရှိနိုင်ချေရှိတယ်လို့ ထင်ကြေးပေးခြင်းခံထားရသူလည်း ဖြစ်ပါတယ်။  ဒါပေမယ့် ဂျာမာန်သတင်းစာ Ruhr Nachrichten မှာတော့ ဒေါ့မွန်းအသင်းဟာ တခြားအသင်းတွေထက် လက်ဦးမှုရယူဖို့အတွက် ဟာလန်းနဲ့ ဆွေးနွေးမှုစတင်နေပြီလို့ သိရပါတယ်။  ဟာလန်းနဲ့ သူ့ရဲ့အပြောင်းအရွှေ့အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က အပြောင်းအရွှေ့ကိစ္စအတွက် ဒေါ့မွန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။  အရည်အသွေးမြင့်မားပြီး အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဟာလန်းကို သူ့စာချုပ်မှာပါတဲ့ ထွက်ခွာခွင့်ကြောင့် ပေါင် ၁၇ သန်းလောက်နဲ့ ခေါ်ယူနိင်မယ်လို့ ဂျာမနီသတင်းတွေမှာ ရေးသားနေကြပါတယ်။  ယူနိုက်တက်အသင်းဟာ ဟာလန်းကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ဆဲလ်ဘတ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလဲ ဟာလန်းရဲ့ခြေစွမ်းကို စောင့်ကြည်ဖို့ ကင်းထောက်တွေကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။  ဟာလန်းဟာ လက်ရှိယူနိုက်တက်နည်းပြ တနိုင်ငံတည်းသား အိုလေဂန်နာဆိုးလ်ရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူဖြစ်တာကြောင့် သူဟာ တခြားအသင်းတွေထက် ယူနိုက်တက်ကိုသာ ရောက်ရှိနိုင်ချေ များတယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် ကစားသမားခေါ်ယူရာမှာ ထူးချွန်တဲ့ ဒေါ့မွန်အသင်းကပါ ဟာလန်းကို စိတ်ဝင်စားလာတာကြောင့် သူ့အပြောင်းအရွေ့ဟာ ပိုပြီးတော့ ခန့်မှန်းရခက်လာပြီပဲဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့နေရာကို အခုထိဖြည့်ဆည်းနိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး မိုလ်ဒီအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဟာလန်းဟာ ဆိုးလ်ရှားအတွက် တိုက်စစ်ပြဿနာကို ဖြေရှင်းပေးနိုင်မလား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up