အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ၇၀ ကျဆုံး

Reuters
1.3K
နိုင်ဂျာနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်က ဝေလံခေါင်သီတဲ့ စစ်စခန်းတခုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ စစ်သား အယောက် ၇၀ လောက်ကျဆုံးခဲ့တယ်လို့ နိုင်ဂျာစစ်တပ်က အတည်ပြုခဲ့ပါတယ်။
ခန့်မှန်းခြေရာချီရှိတဲ့ အကြမ်းဖက်သမားတွေဟာ လက်နက်အင်အားအပြည့်နဲ့ တိုက်ခိုက်ခဲ့တာလို့ နိုင်ဂျာစစ်တပ်ရဲ့ ဗိုလ်မှူးကြီး ဘူဘာကာဟာဆန်က ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့တာပါ။
စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွင်း နိုင်ဂျာစစ်သား ၇၁ ယောက်သေဆုံးပြီး နောက်ထပ် ၁၂ ယောက်ကတော့ ပျောက်ဆုံး ဒဏ်ရာရခဲ့တယ်လို့ ဟာဆန်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမျှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။
ဒါပေမယ့် အိုင်အက်စ်အဖွဲ့၊ အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ဆက်နွှယ်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ အနောက်အာဖရိကရဲ့ ဆာဟဲဒေသမှာ တိုက်ခိုက်မှုတွေ အရှိန်မြင့် ပြုလုပ်နေတာပါ။
နိုင်ဂျာရဲ့ အိမ်နီးချင်းဖြစ်တဲ့ မာလီနဲ့ ဖူကီနာဖာဆို စတဲ့နိုင်ငံတွေဟာလည်း အလားတူ အဲဒီစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဒဏ် ခံစားနေရပါတယ်။
တနင်္ဂနွေနေ့က မာလီနိုင်ငံနဲ့ နယ်စပ်နိုင်ဂျာနိုင်ငံအနောက်ပိုင်း အင်နိတ်မြို့က စစ် အခြေစိုက်စခန်းတခု တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီဒေသမှာ မေနဲ့ ဇူလိုင်လကလည်း အနောက်အာဖရိကအခြေစိုက် အိုင်အက်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်မှုနှစ်ခုကြောင့် နိုင်ဂျီးရီးယား စစ်သားအယောက် ၅၀ သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။