ဘူးသီးတောင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ
ဝဏ္ဏခွာညို
·
December 12, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို စီစဉ်နေသူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။
မနေ့ကပျောက်နေတာ ဒီကနေ့ ၃ နာရီအချိန်အထိ ဆက်သွယ်မရသေးဘူးလို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောဆိုပါတယ်။
“ပျောက်ဆုံးနေတာ မှန်ပါတယ်။ ၁၁ ရက်နေ့စလို့ အဆက်အသွယ်မရတာ၊ ၁၁ ရက်နေ့ ဘယ်အချိန်ကနေ စပြီးပျောက်တယ်ဆို ကျနော်လည်းမသိဘူး။ အန်အယ်လ်ဒီ ရုံးအလုပ်မှု တယောက် လာပြောလို့သိတာ။ အဆက်အသွယ်က လုံးဝမရဘူး။ မနေ့ကတောင် ရဲက လာပြီးရှာတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆက်သွယ်တော့လည်းလုံးဝမရဘူး။ ဒီနေ့အချိန်အထိပဲ”
ဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ပြင်ရှည် ကျေးရွာကို သား၊ ငါးဝယ်ဖို့နဲ့ အလုပ်အကူလုပ်ဖို့ ဆိုပြီး အစ်ကိုဖြစ်သူက ထွက်သွားတာ ဖြစ်ပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ပျောက်နေတာလို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဥက္ကဋ္ဌ ဦးရဲသိန်းကို ဘယ်သူတွေက ခေါ်ဆောင်သွားတယ်၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေ ခေါ်ဆောင်သွားတယ်ဆိုတာကို သဲသဲကွဲကွဲ မသိသေးဘူးလို့ ညီဖြစ်သူ ဦးအောင်ဆွေက ဒီဗွီဘီကို ပြောဆိုပါတယ်။