Home
မြန်မာသတင်း
ပန်ဝါဒေသက ရှားပါးသတ္တုများ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချနေ
DVB
·
December 12, 2019
ကချင်ပြည်နယ် ပန်ဝါဒေသက ကုမ္ပဏီတချို့က  တရုတ်နိုင်ငံကို တရားမဝင် မြေရှားသတ္တု (Rare Earth)တွေ ရောင်းချနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြသွားဖို့ရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ပန်ဝါဒေသတွေဟာ ပြည်နယ်အစိုးရအနေနဲ့ လုပ်ကွက်ချပေး ပိုင်ခွင့်မရှိသလို မြေရှားသတ္တု(Rare Earth)နဲ့  ရှားပါးသတ္တုအများစုကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တိုက်ရိုက် ချမှတ်ပေးတာဖြစ်ပါတယ်။ ဝန်ကြီး ဦးဒါရှီလဆိုင်းက “ကျနော်တို့အနေနဲ့ကတော့ ဒီနေရာမှာ ဒီလိုဖြစ်နေတယ်ဆိုတာကို ကွင်းကွင်းကွက်ကွက်ပြည်ထောင်စုအစိုးရက မြင်နိုင်ဖို့အတွက် တွေ့ရှိထားတဲ့အချက်အလက်တွေကို အစီရင်ခံစာတင်ဖို့ အတွက် လုပ်ဆောင်နေပါတယ်”လို့  ပြောပါတယ်။ အလားတူ ပန်ဝါဒေသဟာလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲ ပိုင်ခွင့်ရှိတဲ့ ဒေသမဟုတ်တဲ့အတွက် တရားမဝင် တူးဖော်မှုတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့တာပါ။ “နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့အစိုးရအောက်မှာ ကျနော်တို့ တာဝန်ထမ်းဆောင်တာခြင်း တူပေမဲ့လည်း လုပ်ငန်းပိုင်းမှာတော့ သူ့တာဝန်ကိုယ်တာဝန်ခွဲခြားထားတာ ဖြစ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကတော့ ဒီလိုရှိပါတယ်ဆိုတာကိုပဲ တင်ပြပေးရမယ့်အလုပ်”လို့ ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် သတ္တုတွင်းညွှန်ကြားမှုဦးစီးဌာနဟာ ပြည်ထောင်စုအစိုးရရဲ့ လက်အောက်ဖြစ်တဲ့ အတွက် လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြရမှာပါ။  တချိန်တည်းမှာပဲ တရားမဝင်ထုတ်ယူနေတယ်လို့ သိရှိပါက ဥပဒေအကြောင်းအရာအရ အရေးယူနိုင်ဖို့အတွက် အဆင့်အဆင့်ကို တင်ပြကာ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒီလို တရားမဝင်တူးဖော်မှုတွေ ဖြစ်ပေါ်နေတာဟာ ငြိမ်းချမ်းရေးမရှိတာကြောင့် ဖြစ်ပြီး အစိုးရအဖွဲ့ အနေနဲ့ သွားရေးလာရေးမှာ နယ်မြေလုံခြုံရေးအခြေအနေတွေအရ အကန့်အသတ်နဲ့ဖြစ်နေတဲ့ အတွက် တရားမဝင်တူးဖော်မှုတွေ ဆက်လက်ရှိနေတာဖြစ်တယ်လို့ ဝန်ကြီးက သုံးသပ်ပြောပါတယ်။ သတင်း- ဟိန်းထက်၊ ဓာတ်ပုံ - ကချင်ပြည်နယ်သတ္တုတွင်းဦးစီးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024