Live
Home
မြန်မာသတင်း
အတိုင်အပင်ခံပုဂ္ဂိုလ် နိုင်ငံအကျိုး အောင်မြင်နိုင်ရေး ဘားအံတွင် ဆုတောင်းမေတ္တာပို့
DVB
·
December 12, 2019
နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ်နိုင်ငံတော်အကျိုးသယ်ပိုးဆောင်ရွက်ရာမှာ အန္တရာယ်ကင်း လွယ်ကူချောမွေ့ပြီး အောင်မြင်နိုင်ရေးအတွက် ဆုတောင်းမေတ္တာပို့သပွဲကို ကရင်ပြည်နယ် ဘားအံမြို့၊ သေဋမာန်အောင် ဘုရားကြီးဝန်းမှာ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ်ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့၊ အိုင်စီဂျေမှာ သွားရောက်ပြီး မြန်မာနိုင်ငံရဲ့အရေးကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိစ္စအဝဝအားလုံး ဘေးအန္တရာယ်ကင်းပြီး အောင်မြင်နိုင်စေဖို့နဲ့ အိုင်စီဂျေမှာ စွပ်စွဲချက်တွေအပေါ် ပြန်လည်လျှောက်လဲခဲ့တာနဲ့ပတ်သက်ပြီး အတိုင်အပင်ခံပုဂ္ဂိုလ်နဲ့ထပ်တူ ထောက်ခံကြောင်းပြသတဲ့ အနေနဲ့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတာဖြစ်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကြားနာနေပါတယ်။ ပွဲဖြစ်မြောက်ရေးဦးဆောင်သူ၊ အဖွဲ့ဝင် ဦးမင်းမင်းဦးက “ကျနော်တို့က အမေစုဖြေရှင်းသွားတဲ့ ဂျီနိုဆိုက်မဟုတ်ပါဘူး။ အဲဒီအချက်ကို အမေစုနဲ့အတူ တထပ်တည်း လက်ခံတယ်။ လျှောက်လဲချက်တွေအပေါ်လည်း ထောက်ခံတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ အရေးကိစ္စတွေမှာ အန္တရာယ်ကင်းရှင်းပြီး အောင်မြင်စေဖို့ ဆုတောင်းမေတ္တာပို့သတာ” လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဒေါ်ချိုချိုမာက “ဘာပဲဖြစ်ဖြစ် ကျမတို့က မဟုတ်တာ လုပ်ထားတာမရှိပါဘူး။ စွပ်စွဲချက်တွေကိုလည်း ပြန်ပြီးချေဖျက်သွားနိုင်မှာပါ။ အမေကိုလည်း ယုံတယ်။ အောင်နိုင်မယ်လို့လည်း ယုံကြည်တယ်” လို့ ပြောပါတယ်။ အခမ်းအနားမှာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့တာ၊ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံက ၅ ပါးသီလခံယူခြင်းနဲ့ မေတ္တာသုတ်ပရိတ်တရားတော်ပို့တာ၊ တက်ရောက်လာသူတွေက မေတ္တာသုတ်လာရွတ်ဖတ် မေတ္တာပို့တာ၊ သမ္မာဒေဝ နတ်မြတ်နတ်ကောင်းတွေကို အမျှပေးဝေခဲ့ပါတယ်။ အခမ်းအနားကို ပြည်နယ်သံဃနာကအဖွဲ့ ဉက္ကဋ္ဌ ဆရာတော်ကြီးနဲ့ ဆရာတော် သံဃာတော်တွေ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဝတ်ရွတ်အသင်းအဖွဲ့တွေနဲ့ မြို့ခံပြည်သူ အင်အား ၄၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024