ကျောက်ဖြူမြို့နယ်တွင် ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် ပစ်ခတ်မှုဖြစ်ပွား
DVB
·
December 12, 2019
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြင်းပြင်ကျေးရွာအနီး လမ်းဆုံနားမှာ ဒီဇင်ဘာလ ၁၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတတခုဖြစ်ပွားခဲ့ပြီးနောက် သေနတ်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
ပေါက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော် က “ကြားတာတော့ ၆ နာရီ ၄၅ မှာတော့ မိုင်းကွဲတဲ့အသံ အကြီး ၂ ချက်ကြားရတယ်။ ၅ မိနစ်လောက်အကွာမှာ လက်နက်ငယ်နဲ့ ၁၅ မိနစ်လောက် ပစ်တာပေါ့။ တဖက်နဲ့ တဖက် တိုက်ပွဲဖြစ်တာလား၊ သို့တည်းမဟုတ် မနက်ကျမှ စုံစမ်းပြီးတော့ သိရမှာပါ။ ဖြစ်တာကတော့ ဒီပေါက်ပြင်ရဲ့အလွန် ဒီရမ်းဗြဲကိုသွားတဲ့ခွဆုံကို မရောက်ခင် အဲဒီနားလေးမှာ ဖြစ်တာပါ”လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားတာကို ကျေးရွာအုပ်ချုပ်ရေးမှူးက သတင်းပို့လာတဲ့အတွက်သိရှိရပြီး ဘာကြောင့်အခုလို ပစ်ခတ်မှုဖြစ်ပွားတာတယ်ဆိုတာကို အသေးစိတ်မသိရှိရသေးဘူးလို့ ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။
ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် အနီးအနားကျေးရွာက ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
သတင်း- နောင်နောင်